သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်က ကြားလမ်းပိုင်းတခုဖြစ်တဲ့ ရွှေဘို-၀က်လက်မီးရထားလမ်းပိုင်းဟာ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာမှာ ပျောက်ဆုံးလို့သွားပါပြီ။ မီးရထားသံလမ်းတွေပျောက်ဆုံးသွားပြီ ဖြစ်သလို တချို့နေရာတွေမှာ ဇလီဖားတုံးတွေ မရှိတော့တဲ့အပြင် ရထားသံလမ်းတလျှောက် ရေမြောင်းကြီးတွေပင် ဖြစ်လို့နေပါပြီ။
အဲဒီလိုဖြစ်လာတာဟာ ၂၀၂၃ ဇူလိုင်လထဲမှာ စစ်ကောင်စီက ၂ နှစ်နီးပါး ပိတ်ထားတဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းကို စစ်တပ်ထောက်ပို့ လမ်းကြောင်းအတွက် အသုံးပြုရန် ရထားလမ်းပြင်ဆင်ရာကနေ စတင် ဖြစ်ခဲ့တာပါ။
၂၀၂၃ မတ်လထဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မုံရွာ နမခဌာနချုပ်ကို လာရောက်တဲ့အချိန် ရထားလမ်းတွေပြန်လည်ပြေးဆွဲဖို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လထဲမှာပဲ ရထားလမ်း ရှင်းလင်းပြုပြင်တာ၊ မီးရထားစက်ခေါင်းပြင်ဆင်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဇူလိုင်လလယ်မှာပဲ စစ်ကောင်စီဟာ စစ်ကိုင်း(ရွာထောင်)နဲ့ ဝက်လက်မြို့ကြားက ရွာတွေကို စစ်ကြောင်းထိုးကာ မီးရထားလမ်းပြင်ဆင်ရေးနဲ့ ရထားပြေးဆွဲနိုင်ရေးအတွက် စတင်ကြိုးပမ်းခဲ့ပါတော့တယ်။
မီးရထားလမ်းတွေကို စစ်ကောင်စီက စစ်ရေးမှာ အသုံးပြုလာနိုင်တဲ့အတွက် မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းရှိ ရထားသံလမ်းတချို့နဲ့ တံတားတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက အစောပိုင်းကတည်းက လမ်းကြောင်း ဖြတ်တောက်တာတွေ ပြုလုပ်ထားကြပါတယ်။
အခုလို စစ်ကောင်စီက သူ့ရဲ့တပ်ရင်းတွေကို လက်နက်၊ ရိက္ခာထောက်ပံ့နိုင်ဖို့အတွက် ရထားသံလမ်းကို အသုံးပြုရန် ကြိုးပမ်းလာတဲ့အခါမှာတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ရထားလမ်းကြောင်းဖြတ်တောက်တာတွေ ပိုလို့သာ လုပ်ဆောင်လာပါတော့တယ်။
တဖက်မှာလည်း စစ်ကောင်စီရဲ့ ရထားလမ်းပြင်ဆင်ရေးအစီအစဉ်တွေမှာ Non-CDM ဝန်ထမ်းတွေ ပူးပေါင်းပါဝင်တာမျိုး မလုပ်ကြဖို့ မန္တလေး -မြစ်ကြီးနား မီးရထားလမ်းပိုင်းအတွင်း စစ်ရေးလှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေက စာထုတ်ပြန်ခဲ့ပါသေးတယ်။
စစ်ကောင်စီကတော့ ဇူလိုင်လကတည်းက ရထားလမ်းတလျှောက် အင်အားသုံးစစ်ကြောင်းထိုးပြီး ရထားလမ်းကို ပြုပြင်ခဲ့ပါတယ်။
စစ်တပ်က ရထားလမ်းတလျှောက် စစ်ကြောင်းထိုးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သာလိုင်းရွာက အမျိုးသား ၁ ဦးနဲ့ သုံးဆင့်ကန်ရွာက အမျိုးသား ၁ ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ပေါက်ကန်ရွာ၊ သုံးဆင့်ကန်ရွာ၊ ထန်းကြီးရွာနဲ့ ခက်ခရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဇူလိုင်လ ကတည်းကနေ စတင်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရထားလမ်းပြင်ဆင်ရေးခရီးစဉ်ဟာ စက်တင်ဘာ ပထမအပတ်ထဲအရောက်မှာတော့ စစ်ကိုင်းမြို့ရဲ့ မြောက်ဘက် ၂၁ မိုင်ကျော်အကွာမှာရှိတဲ့ ပေါက်ကံဘူတာကို မီးရထား ရောက်ခဲ့ပါတယ်။
ပြင်ထိန်းရထား ၁ စီးနဲ့အတူ လက်နက်ခဲယမ်း၊ ရိက္ခာတွေနဲ့ လူအင်အား တင်ဆောင်ထားတဲ့ရထား ၁ စီးပါ ရောက်ခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကံဘူတာကနေ နောက်ထပ် ၁၀ မိုင်အကွာမှာရှိတဲ့ ဝက်လက်မြို့ကိုတော့ နိုဝင်ဘာလ ဒုတိယပတ်ထဲမှာ ရောက်ခဲ့တာပါ။ စစ်ကိုင်းကနေ ဝက်လက်မြို့အထိ မိုင် ၃၀ ကျော်သာဝေးတဲ့ ခရီးကို စစ်ကောင်စီဟာ မီးရထားနဲ့ ၄ လကြာမျှ ခရီးနှင်ခဲ့ရတဲ့သဘောပါ။
အဲဒီခရီးစဉ်တလျှောက်မှာ စစ်ကောင်စီက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့မီးရထား ဝက်လက်မြို့သို့ရောက်ပြီးတဲ့နောက်မှာတော့ မီးရထားဟာ ရွှေဘိုမြို့သို့ ခရီးမဆက်နိုင်တော့သလို စစ်ကိုင်းမြို့သို့လည်း နောက်လှည့်ပြန်လို့ မရတော့ပါဘူး။
အကြောင်းကတော့ မီးရထားလမ်းကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေက ဖြတ်တောက်လိုက်တာကြောင့် ဖြစ်ပါတယ်။
ဝက်လက်နဲ့ ရွှေဘိုကြားက မီးရထားသံလမ်းကိုတော့ စစ်ကောင်စီရဲ့ ရထားပြေးဆွဲမယ့်အစီအစဉ်စတင်ခဲ့တဲ့ ဇူလိုင်လကတည်းက ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေက ကြိုတင်ဖြတ်တောက်ထားခဲ့တာဖြစ်ပါတယ်။
ရထားသံလမ်းတွေကို ဖြုတ်ယူတာ၊ ဇလီဖားတုံးတွေကို တူးယူကြတာ၊ ဒါ့အပြင် ရထားသံလမ်းအတွက် ခင်းထားတဲ့ကျောက်ခဲနဲ့ မြေကြီးတွေကိုပါ တူးယူခဲ့ကြတာပါ။ တချို့နေရာတွေမှာဆိုရင် သံလမ်းတလျှောက်ဟာ ရေမြောင်းကြီးတွေအထိ ဖြစ်သွားခဲ့ပါတယ်။
ရထားလမ်းမှာ ရေမြောင်းတွေ ဖြစ်နေရတဲ့အကြောင်းအရင်းကို ဝက်လက်မြို့နယ်အတွင်းက ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“အဲဒါတွေက ရထားလမ်းဖောက်လာတာကို ကြိုကာထားတာ”
ဝက်လက်နဲ့ ရွှေဘိုဟာ ၁၄ မိုင်ကျော် ကွာဝေးပြီး အဲဒီလမ်းကြောတလျှောက်ကို တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဝက်လက်မြို့နဲ့ ရွှေဘိုကြားမှာ သခွတ္တော-ကျည်းပင်ကန်-မုဆိုးချုံ စတဲ့ မီးရထားဘူတာတွေရှိပါတယ်။ မြေလတ်အသံရဲ့ လေ့လာတွေ့ရှိချက်အရ အကွာအဝေး ၇ မိုင်ကျော်ရှိတဲ့ ဖွင့်လှိုင်းရွာနဲ့ သခွတ္တောရွာကြားမှာတော့ မီးရထားသံလမ်းနဲ့ ဇလီဖားတုံးတွေပျောက်ဆုံးပြီး ရထားလမ်းရဲ့ တချို့နေရာတွေဟာ ရေမြောင်းတွေ ဖြစ်နေတာပါ။
တချို့နေရာတွေမှာ မီးရထားသံလမ်းတွေကို ဖြုတ်ထားပြီး သယ်ယူဖို့အတွက် ပြင်ဆင်နေကြတာ၊ မော်တော် ယာဉ်တွေနဲ့သယ်ယူနေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။
အဲဒီလိုဖြုတ်ယူနေကြတာဟာ ဒေသခံလက်နက်ကိုင်အဖွဲ့တချို့နဲ့ ရထားလမ်းတလျှောက်ရှိ ကျေးရွာတွေက ပြည်သူတချို့က ဖြုတ်ယူနေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစောပိုင်းကာလတွေမှာတော့ စစ်ကောင်စီရဲ့ ရထားမပြေးဆွဲနိုင်အောင် ရထားလမ်းကြောင်းကိုဖြတ်တောက်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ ရထားသံလမ်း၊ ဇလီဖားတုံးနဲ့ ရထားလမ်းခင်းထားတဲ့ ကျောက်ခဲတွေကိုပါ သယ်ယူခဲ့ကြတာကြောင့် ဝက်လက်-ရွှေဘိုကြားက ရထားသံလမ်းဟာ ဆိုးဆိုးရွားရွားပျက်စီးပျောက်ဆုံးလာတာ ဖြစ်ပါတယ်။
ရထားသံလမ်းတွေကို အဟောင်းဆိုင်တွေမှာ ပြန်လည်ရောင်းချတာမျိုးလုပ်ကြသလို တချို့ကလည်း ဒေသတွင်း လမ်းခင်းတာ၊ တံတားတည်ဆောက်တာတွေမှာ အသုံးပြုကြရတယ်လို့ သိရပါတယ်။
မီးရထားသံလမ်း ကျန်ရှိတဲ့နေရာဟာ စစ်ကောင်စီစိုးမိုးထားတဲ့ ဝက်လက်မြို့နဲ့ ရွှေဘိုမြို့ အနီးဝန်းကျင်မှာသာ ကျန်တော့တာကို လေ့လာတွေ့ရှိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ဒီရထားလမ်းပိုင်းဟာ မန္တလေးကနေ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘိုမြို့တွေကို ဖြတ်ပြီး မြစ်ကြီးနားမြို့အထိ နေ့စဉ်ပြေးဆွဲခဲ့တာကြောင့် ခရီးသွားပြည်သူတွေ၊ ဈေးသည်တွေ၊ ကျောင်းသားတွေအတွက် များစွာအသုံးဝင်ခဲ့တဲ့ မီးရထားလမ်းဖြစ်တယ်လို့ ဝက်လက်မြို့ခံတဦးက ဆိုပါတယ်။
"ဒီလမ်းက အသုံး၀င်တာပေါ့။ ငယ်ငယ်လေးကတည်းက ဇာတ်သဘင်လောကမှာ အဲလမ်းကြောတွေသွားနေတာ နှစ်ပေါင်း ၅၀ ကျော်။ နှမြောတာပေါ့။" လို့ ရထားလမ်းပျက်စီးသွားမှုအပေါ် တချိန်က မန္တလေး-မြစ်ကြီးနား ရထားလမ်းတကြောမှာ သွားလာခဲ့ဖူးတဲ့ ၀က်လက်ဒေသခံတဦးက ပြောပါတယ်။
အခုလို မီးရထားသံလမ်းတွေ ပျက်စီးနေတာဟာ ဝက်လက်-ရွှေဘိုကြားက လမ်းပိုင်းအပြင် ဝက်လက်မြို့နဲ့ စစ်ကိုင်းကြားမှာရှိတဲ့ မီးရထားသံလမ်းတွေလည်း ပျက်စီးနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မန္တလေ-မြစ်ကြီးနားရထားလမ်းပြေးဆွဲရေး အိပ်မက် အထမြောက် မအောင်မြင်ခဲ့တဲ့အပြင် တည်ဆောက်ထားတဲ့မီးရထားလမ်းတွေပါ ပျက်စီးသွားခဲ့ရတဲ့ အခြေအနေပါ။
လက်ရှိမှာတော့ ဝက်လက်မြို့အထိ ရောက်ခဲ့တဲ့ မီးရထားလမ်းပြင်ဆင်ဖို့ ကနဦးထွက်လာခဲ့တဲ့ ပြင်ထိန်းရထားနဲ့ လုံခြုံရေးယူပေးခဲ့တဲ့ ရထားတွေဟာ ဝက်လက်မြို့ကနေ ရှေ့မဆက်နိုင်၊ နောက်မဆုတ်နိုင်ဘဲဖြစ်နေခဲ့တာဟာ တနှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။
ရေးသားသူ - လက်ျာ၊ လင်းဇေ
#မြေလတ်အသံ
#ဆောင်းပါး #မန္တလေးမြစ်ကြီးနား #မီးရထားလမ်း #စစ်ခေါင်းဆောင်
Share Share Share