ပျောက်နေတဲ့ ကိုရင် ၄ ပါးကို ပဲခူးမြို့ပေါ်ကျောင်းတိုက်တခုက ခေါ်ယူစောင့်ရှောက်ထားပြီး သက်ဆိုင်သူတွေထံ ပြန်အပ်

ပျောက်နေတဲ့ ကိုရင် ၄ ပါးကို ပဲခူးမြို့ပေါ်ကျောင်းတိုက်တခုက ခေါ်ယူစောင့်ရှောက်ထားပြီး သက်ဆိုင်သူတွေထံ ပြန်အပ်

ပဲခူးမြို့နယ်၊ ၁၀ မိုင်ကုန်း၊ မဟာဝိဟာရကျောင်းတိုက်ကနေ ပျောက်ဆုံးနေတဲ့ ကိုရင် ၄ ပါးကို ပဲခူးမြို့၊ ထီးချိုင့်ကျောင်းတိုက်က ခေါ်ယူစောင့်ရှောက်ထားတာဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်မှာ သက်ဆိုင်သူတွေထံ  ပြန်လည်အပ်နှံလိုက်တယ်လို့ ထီးချိုင့်ကျောင်းတိုက်ဆရာတော်ထံက သိရပါတယ်။

ကိုရင် ၄ ပါးဟာ မဟာဝိဟာရစာသင်တိုက်ကနေ နေရပ်ကိုပြန်မည်ဆိုကာ ထွက်လာပြီးနောက် ပဲခူးမြို့ပေါ်ကိုရောက်ရှိလာတာကနေ ဆိုင်ကယ်တက္ကစီသမားတွေက ထီးချိုင့်ကျောင်းကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်ကတည်းက ရောက်ရှိနေတာလို့ ဆိုပါတယ်။

“ ကျောင်းမှာ မပျော်လို့ဆိုပြီး သူတို့ ၄ ပါး ထွက်လာတာကနေ ပဲခူး၊ ရွှေမော်ဓောနားမှာ ပြင်ဦးလွင် ပြန်ဖို့ဆိုပြီး ဆိုင်ကယ်သမားတွေကို ကိုရင်တွေက အကူအညီတောင်းတာ။ ဆိုင်ကယ်သမားတွက ကျောင်းကိုလိုက်ပို့ပေးလို့ ရောက်လာတာ “ လို့ ဆရာတော်က မိန့်ပါတယ်။

ထီးချိုင့်ကျောင်းတိုက်ကို ရောက်ရှိပြီးနောက် ကိုရင် ၄ ပါးဟာ မဟာဝိဟာရကျောင်းတိုက်ကို မပြန်လိုကြောင်းပြောဆိုမှုကြောင့် ကိုရင်တွေကို ကျောင်းတိုက်မှာ ဆက်လက်ခေါ်ယူစောင့်ရှောက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်မှာ ကိုရင် ၄ ပါးကို သူတို့ရဲ့သက်ဆိုင်ရာမူလကျောင်းတိုက်ဆရာတော်တွေဖြစ်တဲ့ ကိုရင်စန္ဒရဲ့ အကိုအရင်း ရန်ကုန်ကျောင်းတိုက်နေ အရှင်လာဘဝံသ၊ ကိုရင်ပညာသိရီရဲ့ဆရာရင်း ရန်ကုန် ရခိုင်ကျောင်းနေ အရှင်ဇနိန္ဒ၊ ကိုရင်ဓမ္မနန္ဒကို ရန်ကုန် ထန်းတပင်ကျောင်းဆရာတော်နဲ့ ကိုရင် ဃောသကကို မဟာဝိဟာရကျောင်းနာယကဆရာတော် ဦးဉာဏဝုဓတို့ထံ အသီးသီးပြန်လည်အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

"ကိုရင်ဃောသက က ပြင်ဦးလွင်ပြန်မယ်ဆိုလို့ မဟာဝိဟာရကျောင်းတိုက်ဆရာတော်ကလည်း ပြန်ပို့ပေးမယ်လို့ဆိုလို့ ပြန်ထည့်ပေးလိုက်တယ်။ ကျန်တဲ့ကိုရင်တွေကိုတော့ သူတို့ရဲ့သက်ဆိုင်ရာ ပတ်သက်သူတွေက တာဝန်ခံပြီးလာပြန်ခေါ်လို့ အားလုံးကို ပြန်ထည့်ပေးလိုက်ပါပြီး။ ကိုရင် ၄ ပါးစလုံးက မဟာဝိဟာရကျောင်းတိုက်ကို မပြန်တော့ဘူးလို့ပြောပါတယ်" လို့ ထီးချိုင့်ကျောင်းတိုက်ဆရာတော်မှ မိန့် ကြားပါတယ်။ 

ကိုရင် ၄ ပါးဟာ မဟာဝိဟာရကျောင်းတိုက်မှာ ရောက်ရှိသတင်းသုံးနေတာ ၄ ဝါနီးပါးရှိပြီဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက် မနက် အာရုံဆွမ်း ဘုန်းမပေးခင်အချိန် ကျောင်းတိုက်ကနေ ခွင့်တိုင်ကြားခြင်းမရှိဘဲ ထွက်ခွာသွားတာလို့  မဟာဝိဟာရကျောင်းတိုက်က ပြောဆိုထားကာ လက်ခံထားတဲ့ ထီးချိုင့်ကျောင်း တိုက်ဆရာတော်ကတော့ နိုဝင်ဘာ ၂၃ ရက်ကတည်းက ရောက်ရှိနေတာလို့ မိန့်ကြားထားတာလည်း ဖြစ်ပါတယ်။

ကိုရင် ၄ ပါးမှာ အသက် ၁၀ နှစ်ကနေ ၁၂ ကြား အရွယ်တွေဖြစ်ပြီး ဝါးခယ်မမြို့နယ်(ဧရာဝတီတိုင်း)၊ လားရှိုးမြို့နယ်(ရှမ်းပြည်နယ်မြောက်ပိုင်း) ၊ တောင်ကုတ်နဲ့ဂွမြို့နယ်(ရခိုင်ပြည်နယ်) ဇာတိတွေဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကိုရင်၄ပါး #ပျောက်ဆုံးမှု #ပြန်လည်အပ်နှံ #ထီးချိုင့်ကျောင်းတိုက် #မဟာဝိဟာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10