ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

ပျောက်နေတဲ့ ၃ နှစ်အရွယ်ကလေးကို ၃ ရက်အကြာ ဒဏ်ရာတွေနဲ့ရေထဲမှာ သေဆုံးလျက်ပြန်တွေ့

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာ အနောက်ပိုင်းမှာ ၃ ရက်ကြာပျောက်ဆုံးနေတဲ့ ၃ နှစ်အရွယ် ကလေးငယ်တဦးကို ဦးခေါင်းဒဏ်ရာနဲ့ ရေထဲမှာသေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အလောင်းကို ဖေဖော်ဝါရီလ ၂၇ ရက် ဒီမနက် ၇ နာရီခန့်မှာ ကလေးရဲ့နေအိမ်အရှေ့ဘက် ကားလမ်းမတဖက်ခြမ်း လွမ်းစေတီရဲ့ရေမြောင်းထဲမှာ ပြန်တွေ့ခဲ့တာလို့ဆိုပါတယ်။

"ကလေးအလောင်းက ရေပေါ်ပေါ်နေမှ ဒီမနက် ထပ်ရှာကြတဲ့အချိန် တွေ့ကြတာ။ ပြီးခဲ့တဲ့ ရက်တွေကတည်းက ရှာတဲ့အထဲ အဲ့နေရာလည်းပါတယ်။ ရှာနေကြတာနေရာအစုံဘဲ။ ရရှိထားတဲ့ဒဏ်ရာနဲ့ ပတ်သက်ပြီးလို့တော့ ဘယ်လိုကြောင့်ရလဲဆိုတာပြောရခက်တယ်" လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကလေးဦးခေါင်းမှာ ရရှိထားတဲ့ဒဏ်ရာကိုကြည့်ကာ ကလေးဟာ လမ်းပေါ်တက်လာစဥ် ကားတွေနဲ့ တိုက်မိပြီး ဒဏ်ရာရချိန် ကားသမားတွေက ရေမြောင်းထဲစွန့်ပစ်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံအချို့က သုံးသပ်ပြီး အချို့ကလည်း ကလေးကို ရိုက်နှက်ပြီးအလောင်းကို စွန့်ပစ်တာလို့လည်းသုံးသပ်ပြောဆိုနေ ကြပါတယ်။

ကလေးငယ်အလောင်းကိုပြန်တွေ့ချိန် ရေပေါ်မှာ ပက်လက်အနေထားနဲ့ပြန်တွေ့ရပြီး စစ်ဆေးချိန်မှာ ဦးခေါင်းတွင် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။

စစ်ဆေးပြီးနောက် သေဆုံးသူမိသားစုဝင်တွေရဲ့ ဆန္ဒအရ ဖေဖော်ဝါရီ ၂၇ ရက် ဒီမနက်ပိုင်းမှာပဲ ရှမ်းစုကျေးရွာ သုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးငယ်ဟာ ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့ရဲ့ သားဖြစ်သူ ၃ နှစ်အရွယ် မောင်ဇွဲမာန်သစ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ ပျောက်ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဒိုက်ဦး #ကလေးပျောက် #အလောင်းပြန်တွေ့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10