ပြင်ဦးလွင်ကို အင်အားအဆမတန်တိုးမြှင့် ခံစစ်ပြင်နေပြီး နယ်ခံတပ်တွေ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းကြဖို့နဲ့ ကတုတ်ကျင်းနက်နက်တူးဖို့ ညွှန်ကြား

ပြင်ဦးလွင်ကို အင်အားအဆမတန်တိုးမြှင့် ခံစစ်ပြင်နေပြီး နယ်ခံတပ်တွေ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းကြဖို့နဲ့ ကတုတ်ကျင်းနက်နက်တူးဖို့ ညွှန်ကြား

ရှမ်းမြောက်ဒေသနဲ့တဆက်တည်းရှိနေပြီး တပ်မြို့လို့ခေါ်ဆိုကြတဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကို စစ်တပ်က အင်အားအဆမတန်တိုးမြှင့် ခံစစ်ပြင်ထားကာ မန္တလေးမြို့ဘက်ကနေ အင်အားစုစည်းပြီး နေ့စဥ်ပို့ဆောင်နေတယ်လို့ မြို့ခံတွေနဲ့ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နောက်ပိုင်းကစတင်ပြီး ဒီကနေ့အထိ စစ်အင်အားပို့ဆောင်တဲ့ရဟတ်ယာဥ်ဟာ အနီးစခန်းလေဆိပ်မှာ နေ့စဉ် ၃ ကြိမ်ကနေ ၅ ကြိမ်အထိ လာရောက်ပို့ဆောင်သလို မန္တလေးမြို့ဘက်က စစ်အင်အားအကူတွေလည်း အများအပြားဝင်ရောက်နေပြီး မိတ္တီလာအခြေစိုက်တပ်ရင်းတွေ ပါဝင်တယ်လို့ ပြင်ဦးလွင်တပ်နယ် သတင်းရင်းမြစ်တွေက ဆိုပါတယ်။

" အခုရက်ပိုင်းမှာ အင်အားတိုးတာကလေ သာမန်ထက်ကို ပိုတယ်။ အင်အားတော်တော်ကို တိုးတယ်၊ မန္တလေးဘက်ကဝင်တယ်။ ရှမ်းပြည်ဘက်ကလည်း အနီးစခန်းကို လေယာဥ်နဲ့တိုးတယ်"လို့ ပြင်ဦးလွင်မြို့နယ်အခြေပြု တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပြင်ဦးလွင်-မန္တလေးလမ်းမဘေးမှာနေထိုင်သူ လူငယ်တဦးကလည်း ယခုရက်ပိုင်းအတွင်း စစ်ကားတွေ ဖြတ်သန်းမှုများပြားနေပြီး အတက်သာရှိကာ အဆင်းနည်းတယ်လို့ ဆိုပါတယ်။

" မန္တလေးမြို့ဘက်ကနေ လာတာပေါ့၊ မိတ္တီလာက လာမတော့ မသိရဘူးလေ။ ဒီလမ်းကပဲအကုန်ဖြတ်ကြတာဆိုတော့။ မနက်စောစောတွေ လာတာပိုများတယ်။ တချို့ကားတွေဆို ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသမီးတွေပါ ပါတယ် " လို့ ၎င်းကပြောပါတယ်။

လောက်ကိုင်မြို့က လက်နက်ချလာတဲ့ စစ်တပ်ဗိုလ်ကြီးတဦးကလည်း မေမြို့ခံစစ်ပြင်နိုင်ရေး လောက်ကိုင်တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့တပ်တွေကို လားရှိုးကနေတဆင့် မေမြို့ကို ပို့ဆောင်နေကြောင်း၊ ပြန်ပို့ခံရသူတွေမှာ တိုက်ခိုက်ချင်သူတွေရှိသလို၊ မတိုက်ချင်ပေမယ့်ရွေးချယ်စရာမရှိလို့ ပြန်သွားတဲ့ သူတွေလည်းရှိတယ်လို့ ပြောပါတယ်။

ပြင်ဦးလွင်မြို့ကို စစ်တပ်က ခံစစ်ပြင်ဆင်နေသလို တပ်တွင်းမိသားစုတွေရဲ့ အဝင်၊အထွက်ကန့်သတ်တာတချို့လုပ်ထားပြီး တပ်မိသားစုတွေအနေနဲ့ တခြားမြို့သို့ပြောင်းရွှေ့လိုပါက သက်ဆိုင်ရာတပ်မှူးရဲ့ ခွင့်ပြုချက်နဲ့ ပြောင်းရွှေ့နေရတယ်လို့ ပြင်ဦးလွင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီးတဦးက ပြောပါတယ်။

" စစ်သားကတော့ ဘယ်လိုက်ခွင့်ရှိမလဲဗျာ။ အားလုံးကတော့ အသင့်အနေအထားပဲ။ အထက်ကတော့ အခုအခြေအနေနဲ့ပတ်သက်ပြီး ဘာမှပြောထားတာမရှိဘူး။ ဘယ်တော့မှလည်း ကြိုပြောလေ့ မရှိဘူးလေ" လို့  ပြောပါတယ်။

ဒါ့အပြင် နယ်မြေခံတပ်တွေအနေနဲ့ အရေးကြီး စာရွက်၊စာတမ်းတချို့ သိမ်းဆည်းပြင်ဆင်ထားကြဖို့နဲ့ ခံစစ်ကတုတ်ကျင်းတွေ နက်နက်ထပ်တူးကြဖို့အတွက် ညွှန်ကြားထားတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်မြို့ကို ဝင်ရောက်လာနိုင်တဲ့ မိုးကုတ်လမ်းပိုင်း၊ မြို့မြောက်ဘက်ကကျေးရွာတွေဖြစ်တဲ့ ညောင်ကုန်းနဲ့ မိုးကြိုးပစ်ကျေးရွာတွေမှာ တာဝေးပစ်စိန်ပြောင်းနဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးတွေ တပ်ဆင်ထားသလို ယခုရက်ပိုင်းမှာပဲ မြို့အထွက် DSTA ကျောင်းနောက်ကျောရှိ စက်ပစ်ကွင်း(သေနတ်ပစ်ကွင်း)နဲ့ တောင်ကုန်းတွေ၊ မိုးကြိုးဘုရားကုန်း၊ ပိတ်ချင်းမြောင်ရေတံခွန်အနီးက တောင်ပုလဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ  လက်နက်ကြီးတွေ ထပ်မံတိုးချဲ့အထိုင်ချ တပ်ဆင်ထားတယ်လို့ သိရပါတယ် ။

ဒါ့အပြင် မတ္တရာ၊ ပုသိမ်ကြီးနဲ့ ပြင်ဦးလွင် ၃ မြို့နယ်ထိစပ်နေတဲ့ ပြင်ဦးလွင် DSA ကျောင်းနောက်ကျောရှိ ကျေးရွာတွေနဲ့ တောင်တန်းတွေဘက်ကိုလည်း အင်အားထပ်မံတိုးမြှင့်နေသလို အဆိုပါ ၃ မြို့နယ်နဲ့ ထိစပ်နေတဲ့ ပန်းဦးတောင်၊ ကုန်းတော်၊ နေဝင်တောင်၊ အုတ်ဖိုတောင်၊ ဆင်လမ်းစတဲ့ ကျေးရွာတွေမှာ အထိုင်ချထားတဲ့တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပြင်ဦးလွင်နဲ့ နောင်ချိုမြို့နယ်စပ်က ကျောက်မဲလေးကျေးရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်တိုက်ခိုက်ရေးရဟတ်ယာဥ်ကလည်း တနေ့ကို ၄ ကြိမ်ကနေ ၆ ကြိမ်အထိ အတက်အဆင်းလုပ်ကာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်မဲလေးကျေးရွာဘက်ကို လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

"အဓိက က ပြင်ဦးလွင်ကို ပြင်တာ။ လားရှိုးက အချိန်မရွေးဘာနေနေ ဖြစ်သွားနိုင်တယ်။ ပြင်ဦးလွင်ကိုတော့ သူတို့အဖြစ်မခံနိုင်ဘူး။ ပြင်ဦးလွင်က သူတို့အတွက် အဓိကအသက်သွေးကြောဖြစ်တဲ့အတွက် စကစတွေနဲ့ အကြီးပိုင်းတွေက ဒါကိုအနာခံပြီးတော့ ထိန်းမှာ" လို့ ပြင်ဦးလွင်မြို့နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပုံစာ - ဇန်နဝါရီလဆန်းပိုင်းက ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်အကွာ သံဘိုရွာစခန်းတိုက်ပွဲမှ သိမ်းဆည်းရမိသည့် လူ၊ လက်နက် ခဲယမ်းများ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ပြင်ဦးလွင် #စစ်အင်အား #တိုးမြှင့် #ခံစစ်ပြင်ဆင် #စစ်ကောင်စီတပ် #တိုက်ပွဲပြင်းထန် # တပ်မိသားစု #နယ်မြေခံတပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10