ပြင်ဦးလွင်စစ်ရှောင်တွေထဲမှာ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပြင်ဦးလွင်စစ်ရှောင်တွေထဲမှာ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား (Fact Check)

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်က စစ်ရှောင်တွေထဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေအနေကြေညာထားတဲ့ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ်ဆိုတဲ့ သတင်းအမှား ဖေ့စ်ဘုတ်နဲ့ တယ်လီဂရမ်လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေပါတယ်။

“ပြင်ဦးလွင်မှာ စစ်ရှောင်တွေထဲက မျောက်ကျောက်သံသယ ၁ ဦးတွေ့တယ်လို့ သိရ။

(သတိထားကြပါ .. စစ်ဘေးရော ရောဂါဘေးရော ကပ်တွေ လာနေပြီ)  (မူရင်းရေးသားချက်အတိုင်း) “ ဟုဆိုကာ ရေးသားဖြန့်ဝေထားတာ ဖြစ်ပါတယ်။

အဆိုပါအကြောင်းအရာကို စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ Subscriber ၁၀,၅၀၀ ကျော်ရှိ Sandi Myint Aung Telegram Channel မှ ဩ ဂုတ် ၂၂ ရက် ည ၁၀ နာရီခွဲခန့်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ဩဂုတ် ၂၄ ရက် ဒီကနေ့မနက်ပိုင်းအထိ Views(ကြည့်ရှုသူ) ၂,၇၀၀ ကျော် Reaction ၈၂ ခု၊ Comments ၃ ခုရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းအကြောင်းအရာကိုပဲ ဩဂုတ်လ ၂၃ ရက် မနက်ပိုင်းက ဖေ့စ်ဘုတ် လူမှုကွန်ယက်မှာ Followers ၁၁၀၀ ကျော်ရှိတဲ့ Moe MaKha ဖေ့ဘွတ်စ်အကောင့်မှ ထပ်ဆင့်ဖြန့်ဝေထားတာကို တွေ့ရပြီး Reaction ၄၁ ခု၊ Comment ၂ ခု နဲ့ ပြန်လည်မျှဝေသူ ၇ ဦးရှိနေပါတယ်။

သတင်းမှားဖော်ပြမှု မူရင်းများကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

Sandi Myint Aung Telegram Channel မှ ဖော်ပြမှု - https://archive.ph/AGGTh

Moe MaKha Facebook မှ ဖော်ပြမှု - https://archive.ph/8HmVu

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံမှ ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး သတင်းတု၊ သတင်းမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ ထိုင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ်အခြေ အနေကြေညာထားတဲ့ မျောက်ကျောက်ရောဂါကို မြန်မာနိုင်ငံရဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကူးစက်ခံထားရသူတဦး စတင်တွေ့ရှိခဲ့ရကြောင်း အတည်ပြုဖော်ပြထားပါတယ်။

မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံထဲမှာ တွေ့လာရတဲ့အကြောင်း BBC မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မျောက်ကျောက်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုကို ထိုင်း အတည်ပြုကြောင်း People's Spring မှ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

မျောက်ကျောက်ရောဂါ Mpox မျိုးကွဲသစ် ကူးစက်သံသယရှိသူတဦး ထိုင်းနိုင်ငံမှာတွေ့ရှိကြောင်း VOA သတင်းဌာနမှ ၂၀၂၄ ခုနှစ် ဩဂုတ် ၂၃ ရက်တွင် သတင်းဖော်ပြချက်  - သတင်းကြည့်ရန်

သို့သော် ပြင်ဦးလွင်အပါအဝင် မြန်မာနိုင်ငံအတွင်းကမြို့တွေမှာ မျောက်ကျောက်ရောဂါသံသယလူနာအပါအဝင် ရောဂါပိုးတွေ့ရှိထားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီးကျန်းမာရေးဝန်ကြီးဌာနက တစုံတရာထုတ်ပြန်ကြေညာထားတာမျိုးမရှိသေးသလို လွတ်လပ်တဲ့သတင်းဌာနတွေကနေလည်း သတင်းဖော်ပြမှု အခုအချိန်အထိ မရှိသေးပါဘူး။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့-WHO ရဲ့ စာရင်းတွေအရ နိုင်ငံပေါင်း ၂၃ နိုင်ငံကျော်မှာ ကူးစက်ပျံ့နှံ့မှုတွေဖြစ်ပွားနေပြီး နိုင်ငံအလိုက်ကူးစက်ခံရမှုစာရင်းဖော်ပြတာမှာ မြန်မာနိုင်ငံပါဝင်တာမရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှာ  မျောက်ကျောက်ရောဂါ Mpox နှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များအပါအဝင် Mpox ရောဂါအကြောင်း ရေးသားထားတာကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

(မျောက်ကျောက်ရောဂါအကြောင်း)

ဒါကြောင့် ပြင်ဦးလွင် စစ်ရှောင်တွေထဲမှာ မျောက်ကျောက်ရောဂါ သံသယရှိသူတဦးတွေ့ရှိတယ် ဆိုတဲ့သတင်းဟာ သတင်းအမှားတခုသာပါတယ်။

သတင်းအမှားဖြန့်ဝေနေတဲ့ Sandi Myint Aung Telegram Channel ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ Telegram Channel တခုဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

ဒါ့အပြင် Moe MaKha Facebook တွင်လည်း "ဆယ်ခါပြန် အကောင့်သစ်" ဟု ရေးသားထားသည် ကိုတွေ့ရပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉ ရက် (လွန်ခဲ့သည့် ၅ ရက်)မှသာ အသစ်ဖွင့်ထားသည့်အကောင့် ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Facebook Account များဟာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများ ဖြန့်ဝေတာကြောင့် Facebook မှ မကြာခဏဖျက်ချလေ့ရှိပါတယ်။ ယခုအကောင့်တွင်လည်း ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများနဲ့ သတင်းအမှားများကို ဖြန့်ဝေနေတာ တွေ့ရှိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ ဖေ့စ်ဘုတ်အကောင့်တွေဟာ စစ်ကောင်စီတပ် သတင်းတု၊ သတင်းမှားများကို တင်ဆက်ပြီး လက်ရှိနိုင်ငံရေးအခြေအနေမှ သွေဖည်သွားစေရန် သို့မဟုတ် လူထုကြောက်လန့်သွားစေရန် ပြုလုပ်လေ့ ရှိပါတယ်။ အခုဖြစ်စဉ်မှာဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုများ ပြင်ဦးလွင်အနီးအထိ ရောက်ရှိလာချိန်မှာ လူထုထိတ်လန့်ဝေဝါးစေရန် လုပ်ကြံဖန်တီးထားခြင်းဖြစ်ပါတယ်။ 

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်များနဲ့ သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #သတင်းတုသတင်းမှား #မျောက်ကျောက်ရောဂါ #ပြင်ဦးလွင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10