ပြည်ကြီးတံခွန်မြို့နယ်က လဝကရုံး ဗုံးခွဲခံရလို့ ပြည်သူ ၂ ဦးသေဆုံး

ပြည်ကြီးတံခွန်မြို့နယ်က လဝကရုံး ဗုံးခွဲခံရလို့ ပြည်သူ ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆယ်ကန် ၁ လမ်းရှိ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံးမှာ ဗုံးပစ် ဖောက်ခွဲခံရတာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဝန်ထမ်း ၂ ဦးအပါအဝင် ၇ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၅ ရက်နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား ၂ ဦးက လဝကရုံးကို အပြင်ကနေ ဗုံးပစ်ထည့်ခဲ့တယ်လို့ ဆိုပါတယ်။

"ဗုံးလာပစ်တဲ့အချိန်က ပက်စပို့စ်လုပ်တဲ့သူတွေကော မှတ်ပုံတင်လုပ်သူတွေကော ရှိနေချိန်ဆိုတော့ ထိခိုက်များသွားတာ။ ဗုံးလာကျတာကလည်း လူတွေရှိတဲ့နားလာကျတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဟိုပင်မြို့သူ မနီနီဝင်းမောင် ၂၅ နှစ်နဲ့ မြင်းခြံမြို့သား မောင်စွဲရစ်အောင် ၂၅ နှစ်တို့ နေရာတင် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် လဝကဝန်ထမ်းတွေဖြစ်တဲ့ သော်ဇင်ဖြိုး ၃၀ နှစ်၊ ပြည်ဖြိုး ၂၁ နှစ်တို့မှာ ဒဏ်ရာရခဲ့ပြီး  အသက် ၁၈ နှစ်ကနေ ၅၅ နှစ်ကြား အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၃ ဦးတို့လည်း ခြေထောက်၊ လက်နဲ့ တင်ပါးတွေမှာ အစမှန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းတွေက မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီး ဆေးကုမှုခံယူနေကြရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ဩဂုတ် ၁၈ ရက်ကလည်း မန္တလေးတိုင်း၊ ချမ်းမြေ့သာစည်မြို့၊ တောင်ရပ်ကွက်ရှိ လဝကရုံး ဗုံးပစ်တိုက်ခိုက်ခံရပြီး ဝန်ထမ်းနဲ့ပြည်သူ စုစုပေါင်း ၇ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ပြည်ကြီးတံခွန် #လဝက #ဗုံးခွဲ #သေဆုံးထိခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10