သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နဲ့ ပြည်မြို့နယ်အတွင်းမှာ အမျိုးသား ၁၁ ဦးအထိ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီခန့်က ပေါက်ခေါင်းမြို့အမှတ် ၁ ရပ်ကွက် အထကခွဲကျောင်းရှေ့မှာ အရပ်ဝတ်လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီအဖွဲ့က လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီးနောက် ဆိုင်ကယ်နဲ့ လာတဲ့လူငယ်အမျိုးသား ၁ ဦးကို ဆိုင်ကယ်နဲ့ အူကားပေါ်တင်ပြီး ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
"စစ်မှူထမ်းဖို့ ဒီလိုဘဲ လိုက်ဆွဲနေတာလို့သိရတယ်။ လမ်းပေါ်မှာဖမ်းတယ်။ ဟို့နေကဆိုလည်း ရန်ကုန်ကပြန်လာတဲ့ မျိုးဆက်သစ်ကားပေါ်ပါလာတဲ့လူငယ်ကို မြို့အဝင်မှာ မှတ်ပုံတင်စစ် ဖမ်းထားသေးတယ်။ နွားပွဲမှာလည်း ဖမ်းသွားတာတွေရှိသေးတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
မျိုးဆက်သစ်ကားပေါ်ပါလာတဲ့ လူငယ်အမျိုးသား ၁ ဦးဟာ နိုင်ဝင်ဘာ ၁၀ ရက်က မြို့အဝင် စစ်ဆေးရေးဂိတ်အနီးမှာ ဖမ်းဆီးခံရတာဖြစ်ပြီး နောက်ထပ် အမျိုးသား ၅ ဦးလည်း နိုဝင်ဘာ ၉ ရက်က နွားပွဲစျေးအတွင်းမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ခုလိုစစ်ကောင်စီဘက်က ပေါက်ခေါင်းမြို့ပေါ်မှာ လူမသိသူမသိ ဒေသခံတွေဖမ်းဆီးမှုတွေများလာနေပေမယ့် ဒေသခံတွေကတော့ သတိမမူဘဲရှိနေလို့လည်း အထက်ပါဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ယခုလိုမျိုးနည်းလမ်းတွေနဲ့ ဖမ်းဆီးခံရသူတွေရှိနေပြီး အဲဒီထဲက ငွေပေးနိုင်သူ၊ ဘက်ဂရောင်းရှိသူတွေက ပြန်လွတ်ပေမယ့် ကျန်သူတွေကတော့ စစ်မှုထမ်းသင်တန်း ပို့ခံရတာတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၂၀ ကျော်အရွယ်ကနေ ၃၀ ကြားလူငယ်တွေဖြစ်ပြီး သူတို့ကို ပေါက်ခေါင်းမြို့မရဲစခန်းထဲမှာ ချုပ်နှောင်ထားကာ စစ်ကောင်စီအဖွဲ့က လူဖမ်းနေလို့ လမ်းပေါ်မှာလည်း အသွားအလာနည်းနေတယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၉ ရက် ညနေပိုင်းက ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့နဲ့ ကြိုးခေါင်သာကျေးရွာကြားမှာ စစ်ကောင်စီအဖွဲ့ဟာ အိမ်စီးကား၊ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး လမ်းသွားလမ်းလာ လူငယ် ၃ ဦးကို ဖမ်းဆီးသွားသေးတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေက ကျွဲဆင်းကျေးရွာသား ၁ ဦးနဲ့ သပြေခုန်ကျေးရွာသား ၂ ဦးဖြစ်ပြီး ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလဆန်းပိုင်းထဲမှာလည်း ဝက်ထီးကန်မြို့၊ ရွာမရပ်ကွက်နေ အသက် ၂၄ နှစ်အရွယ် မောင်ဇင်မင်းဦး (အရန်မီးသတ်တပ်ဖွဲ့ဝင်) ကို သူပိုင်လယ်ထဲကနေ စစ်ကောင်စီအဖွဲ့တွေက လာဖမ်းသွားတယ်လို့ သိရပါတယ်။
"မီးသတ်ကကောင်လေးက ဖုန်းထဲမှာ ဘာညာသရကာ တွေ့တယ်ဆိုပြီးတော့ လယ်ထဲမှာဖမ်းသွားတာ။ နောက် ၃ ယောက်က ဝက်ထီးကန်-ကြို့ခေါင်သာလမ်းမှာဖမ်းခံရတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ ဝက်ထီးကန်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ပြန်လွတ်လာတာတော့ မကြားသေးဘူးလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်ကလည်း ပြည်မြို့နယ်၊ ပြည်-အောင်လံသွားကားလမ်းပေါ်မှာ ခရီးသွားကား ၁ စီးပေါ်လိုက်ပါလာတဲ့ PDF အဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ပုံစာ - ဖမ်းဆီးခံထားရသည့် အသက် ၂၄ နှစ်အရွယ် မောင်ဇင်မင်းဦး။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပြည်ခရိုင် #ပေါက်ခေါင်း #ဖမ်းဆီး
Share Share Share