သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်ခရိုင်ထဲမှာ ကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ အဆင့်မြင့်ရဲအရာရှိ ၄ ဦးထဲက ၃ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲ့ဒီ ၃ ဦးကို နေပြည်တော်ရဲချုပ်ရုံးက ခုံရုံးဖွဲ့စစ်ဆေးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်မှာတော့ ရဲတရားရုံးကနေ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်အသီးအသီး အမိန့်ချမှတ်လိုက်တာလို့ သိရပါတယ်။
"၁၆ ရက်နေ့က ပြည်အကျဉ်းထောင်ကို အကုန်လုံးရောက်ပါတယ်။ ဆေးမှုနဲ့ရင်ဆိုင်ဖို့ ကျန်ဦးမယ်ပြောတယ်။ အခုကတော့ ရဲစည်းကမ်းဥပဒေနဲ့ အမိန့်ချတာလို့ ပြောပါတယ်။" လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူအမျိုးသားတဦးက ပြောပါတယ်။
ထောင်ဒဏ်တွေအဖြစ် ပြည်ဒုခရိုင်ရဲမှူးမောင်မောင်မြင့် ၁၀ နှစ်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင် ၇ နှစ်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုးကို ၆ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇွန် ၁၆ ရက်က တန်ဖိုးငွေကျပ် ၁ ဒသမ ၇၄ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၁ ဒသမ ၆ သိန်းကို ပန်းတောင်းမြို့နယ်၊ ရွှေပြည်သာကျေးရွာမှာ စစ်ကောင်စီဘက်က ဖမ်းဆီးရမိခဲ့မှုအပေါ် မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC-Myanmar) က သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခုလို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။
အဲဒီထဲကမှ ဥသျှစ်ပင်ရဲစခန်းမှာတာဝန်ထမ်းခဲ့ဖူးတဲ့ ရဲအုပ်ဗလအောင်ကျော်စိုးကို အရင်ဖမ်းဆီးခဲ့ပြီး ပြည်ဒုခရိုင်ရဲတပ်ဖွဲ့မှူးမောင်မောင်မြင့် ကို ၂၀၂၄ ဇူလိုင်လနှောင်းပိုင်းကတည်းက ၎င်းနေထိုင်ရာ နဝင်းရဲရိပ်သာထဲမှာ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
ဆက်လက်ပြီး နိုဝင်ဘာ ၈ ရက်မှာ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးသန်းလွင် ကို ထပ်မံဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်မှာတော့ ပန်းတောင်းစခန်းမှူးတင်မောင်နိုင်ကို ဖမ်းဆီးခဲ့တာပါ။
ပြစ်ဒဏ်ချမှတ်ခံရတဲ့ အဆင့်မြင့်ရဲအရာရှိအပါ ၃ ဦးနဲ့ပတ်သက်ပြီး စစ်ကောင်စီက တစုံတရာထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးသလို ဖမ်းဆီးထားသူတွေထဲက ပန်းတောင်းစခန်းမှူး တင်မောင်နိုင်ဟာလည်း ပြစ်ဒဏ်ချမှတ်ခံရတဲ့ စာရင်းထဲမှာမပါဝင်ဘူးလို့ သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ထပ်မံဖော်ပြပေးသွားပါမယ်။
#မြေလတ်အသံ
#ပဲခူး #ပြည် #မူးယစ်ဆေးဝါး #ဖမ်းဆီးခံရမှု
Share Share Share