ပြည်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်တွေဆီက လစဉ်ကြေးကောက်မယ်လို့ စစ်ကောင်စီပြော

ပြည်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်တွေဆီက လစဉ်ကြေးကောက်မယ်လို့ စစ်ကောင်စီပြော

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်က စက်သုံးဆီလုပ်ငန်းရှင်တွေဆီကနေ စစ်ရေးအတွက်ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လစဉ်ကြေးငွေကောက်မယ်လို့ပြောဆိုခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က ပြည်မြို့၊ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဆီဆိုင်ပိုင်ရှင်တွေကို စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီး ပန်းတောင်း-တောင်ကုတ်လမ်းပိုင်းစစ်ရေးအတွက်ဆိုကာ လစဉ်ကြေးကောက်မယ်ဆိုပြီး စစ်ကောင်စီဗိုလ်ကြီး ၂ ဦးကပြောခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့က Plan(စီစဉ်)ဖို့ အစည်းအဝေးခေါ်တာဗျ။ ဆိုင်အနေအထားအလိုက် ၁ သိန်းကနေ ၁ သိန်းခွဲလို့ ပြောပါတယ်။ စကစဘက်က ဗိုလ်ကြီး ၂ ယောက်က ဦးဆောင်ပြီးပြောတာ။"လို့ ထွေ/အုပ်ရုံးနဲ့ နီးစပ်သူတဦးက မြေလတ်အသံကိုပြောပါတယ်။

စစ်ရေးလစဉ်ကြေးငွေကောက်ခံမယ်ဆိုပြီး ပြောဆိုခဲ့ပေမယ့် ဖေဖော်ဝါရီ ၇ ရက် ဒီကနေ့အထိတော့ ငွေကောက်ခံတာမရှိသေးဘူးလို့သိရပြီး ဆီလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတဦးကတော့ စစ်ရေးအတွက် အသုံးပြုမယ်ဆိုတာကြောင့် ကောက်ခံငွေကို မထည့်ချင်ဘူးလို့ ပြောပါတယ်။ 

"တသိန်း၊ တသိန်းခွဲဆိုတာက များတာမဟုတ်ပေမယ့် စစ်ရေးအတွက်သုံးမှာဆိုတော့ မထည့်ချင်ဘူးဗျ။ လူသတ်မယ့်ကိစ္စဖြစ်လို့ မထည့်ချင်တာဗျ။"လို့ ဆီလုပ်ငန်းရှင်တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်သီးသန့်ကိုပဲ ဖေဖော်ဝါရီ ၃ ရက်အစည်းအဝေးမှာ ခေါ်ယူခဲ့ပေမယ့် တခြားလုပ်ငန်းရှင်တွေအနေနဲ့လည်း လစဉ်ကြေးကောက်ခံဖို့ပြောဆိုလာမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ပြည်မြို့ပေါ်မှာ စက်သုံးဆီဆိုင်ပိုင်ရှင် ၃၀ ကျော်ရှိပြီး ဖေဖော်ဝါရီ ၃ ရက်က အစည်းအဝေးကိုတော့ ဆီဆိုင်ပိုင်ရှင် ၁၀ ဦးထက်မနည်း တက်ရောက်ခဲ့တယ်လို့ ထွေ/အုပ်ရုံးနဲ့နီးစပ်သူတဦးက မြေလတ်အသံကိုပြောပါတယ်။

စာတည်း - ကိုချမ်း 

#မြေလတ်အသံ

#ပြည်မြို့ #စက်သုံးဆီလုပ်ငန်းရှင် #လစဉ်ကြေး #အထွေထွေအုပ်ချုပ်ရေး #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10