ပြည်မြို့မှာ ဆိုင်ကယ်စီးသူတွေကို ရဲစခန်းထဲမောင်းခိုင်းပြီး အထောက်အထားမစုံပါက ထောင် ၁ လနဲ့ ဒဏ်ငွေ သိန်းချီတောင်း

ပြည်မြို့မှာ ဆိုင်ကယ်စီးသူတွေကို ရဲစခန်းထဲမောင်းခိုင်းပြီး အထောက်အထားမစုံပါက ထောင် ၁ လနဲ့ ဒဏ်ငွေ သိန်းချီတောင်း

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့မှာ ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်စီးလာသူတွေကို စစ်ဆေးဖမ်းဆီးကာ အထောက်အထားမပြည့်စုံပါက ထောင်ဒဏ် ၁ လနဲ့ ဒဏ်ကြေးငွေအဖြစ် ဆိုင်ကယ်ရဲ့တန်ဖိုး တဝက်ကို ပေးဆောင်ခိုင်းနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

စီမံချက်တရပ်အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်မှ စတင်ကာ ဖမ်းဆီးနေတာဖြစ်ပြီး လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နဲ့ အထောက်အထားမပြည့်စုံတာ၊ ယာဉ်မောင်းလိုင်စင်မရှိတာ ဆိုင်ကယ်စီးဦးထုပ်မဆောင်းတာနဲ့ ၂ ဦးထက် ပိုစီးနင်းတာတွေကို ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

"အမှတ် ၂ ရဲစခန်းရှေ့မှာဖမ်းတာ တော်တော်ဆိုးတယ်။ စစ်သားတွေကောပါတယ်။ သေနတ်တွေ ကိုင်ပြီးတော့ ဖြတ်လာတဲ့ဆိုင်ကယ်မှန်သမျှ စခန်းထဲမောင်းခိုင်းပြီး အထောက်အထားအကုန်စုံမှ ပြန်လွှတ်တာ၊ မစုံတဲ့သူဆို တန်းအချုပ်ထဲထည့်တယ်။ နာရီစင်နားကနေ ဆိုင်ကယ်တွေမဖြတ်ဖို့ကြိုတားတဲ့သူတွေကိုလည်း ရဲတွေကလာဆဲဆို နေကြတာ" လို့ မျက်မြင်ကြုံခဲ့ရသည့် မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

အဖွဲ့စုံအထိုင်ချဖမ်းဆီးရာနေရာတွေအဖြစ် အမှတ်(၂) မြို့မရဲစခန်း၊ အမှတ်(၃) ရဲစခန်းတာဂွလမ်းဆုံ၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးလမ်းထောင့်၊ ဗဟိုမီးသတ်ရုံးရှေ့၊ တလမ်းမောင်းထောင့်၊ မူယာပင်ခန်းမရှေ့၊ ဆင်မကြပ်လမ်းဆုံ တို့ဖြစ်ပြီး အခြား နေရာများမှာလည်း ရှောင်တခင်ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

"ဆိုင်ကယ်တွေက တအားဖမ်းနေတာ၊ မိတာနဲ့ အနည်းဆုံးပြစ်ချက် ဦးထုပ်မဆောင်းတာ၊ သတ်မှတ်ယာဉ်ကြောက မမောင်းတာတို့ဆို အနည်းဆုံး သောင်းဂဏာန်းကစတောင်းတယ်။ လိုင်စင်မဲ့ဆိုသိမ်းတယ်။ တခြားပြစ်ချက်များရင် ဆိုင်ကယ်တန်ဖိုးရဲ့တဝက်ကို ဒဏ်ငွေဆောင်ခိုင်းတယ်။" လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

အလားတူ သဲကုန်းမြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်တို့မှာလည်း ဆိုင်ကယ်တွေကိုအဖမ်းအဆီးအစစ်ဆေး များပြားနေပြီး မသင်္ကာသူတွေကို ဖုန်းတွေပါစစ်ဆေးပြီး ငွေကြေးတောင်းတာ တွေပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြည်မြို့နယ်နဲ့အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများမှာ မြို့ပေါ်ကို ဆိုင်ကယ်နဲ့ ဈေးရောင်းဈေးဝယ် ပြုလုပ်ကြသလို အများစုမှာ လိုင်စင်မဲ့ဆိုင်ကယ်တွေများပြီး ယာဉ်မောင်းလိုင်စင်ပြုလုပ်ထားတာတွေလည်း မရှိကြဘူးလို့ ဆိုကြပါတယ်။

"အခုတော့ ဈေးရောင်းဖို့ဆိုလည်း အစောကြီးသွားပြီး ရုံးချိန်မစခင် ပြန် ဈေးဝယ်စရာရှိလည်းအဲလိုပဲ ရုံးချိန်မစခင်ပြန်ရတယ်၊ အရင်လိုမြို့ပေါ်မှာ အကြာကြီးမနေရဲဘူး၊ ဖမ်းမိလည်း ပေးစရာငွေလည်းမရှိဘူး၊ ဆိုင်ကယ်ကလည်း သွားဖြစ်ယုံအစုတ်ဝယ်စီးတာ" လို့ ရှေးဟောင်းနယ်မြေထဲက တောင်သူတဦးက ဆိုပါတယ်။

မြို့အစွန်ကျေးရွာများမှ မြို့ပေါ်ကိုဈေးရောင်းဈေးဝယ်လာရပါက တာဂွလမ်းဆုံ၊ ရှေးဟောင်းပြတိုက် ရွှေတံခါလမ်း၊ ဆင်မကြပ်လမ်းဆုံ၊ ရွှေပလ္လင်မှော်ဘုရားလမ်းဆုံ နဲ့ နဝဒေးလမ်းဆုံ တို့ကို မဖြစ်မနေဖြတ်သန်းရမှာဖြစ်ပြီး အဲဒီနေရာတွေမှာ အဖွဲ့စုံတွေက စောင့်ဆိုင်းဖမ်းဆီးနေတာ ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုံစာ - ပြည်မြို့လယ်ကောင်မြင်းစီးကျောက်ရုပ်အနီး သွားလာနေသည့်ဆိုင်ကယ်များ။ (ပုံဟောင်း)

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ပြည်ခရိုင် #ဆိုင်ကယ်ဖမ်းဆီး #အတင်းအဓမ္မ #စစ်ကောင်စီ #မြို့ခံ #ရောင်းဝယ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10