ပြည်မြို့မှာ နေအိမ်အတွင်း အနုကြမ်းစီးပြီး အမျိုးသမီးတဦးကို သတ်သွား

ပြည်မြို့မှာ နေအိမ်အတွင်း အနုကြမ်းစီးပြီး အမျိုးသမီးတဦးကို သတ်သွား

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့နယ်၊ အောင်ဆန်းပြည်သာယာရပ်ကွက် ၃ လမ်းထိပ်မှာ နေအိမ်တွင်းဝင်ရောက်ကာ အနုကြမ်းစီးပြီး လူသတ်ပစ္စည်းလုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၈ ရက် ဒီကနေ့ ညနေ ၄နာရီလောက်က ချော်လဲပြီးခေါင်းကွဲနေတဲ့ လူနာရှိတယ်လို့ သတင်းဝင်လာတဲ့အတွက် ကူညီဖို့ ကယ်ဆယ်ရေးအသင်းတွေက သွားခဲ့ပေမယ့် လူသတ်မှုဖြစ်နေခဲ့တာလို့ ဆိုပါတယ်။

“ကျတော်တို့ရောက်တော့ လူနာကသေနေပြီ၊ နားထင်မှာ ကတ်ကြေးလို ချွန်တဲ့အရာနဲ့ထိုးထားတဲ့ ထိုးသွင်းဒဏ်ရာရယ်၊ လည်ပင်းအညိုမဲတွေရယ် ဒဏ်ရာ ၂ခုရှိတယ်၊ ပြီးတော့ အိမ်အပေါက်ဝနားကနေ နောက်ဖေး ရေချိုးခန်းထိ ဒရွတ်တိုက်ဆွဲသွားတဲ့ သွေးစီးကြောင်းအရာနဲ့ ဆံပင်တွေ တွေ့ရတယ်။”လို့ ပရဟိတပါရမီ လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

နေအိမ်ဖောက်ထွင်း လုယက်ခံရလို့ အသက် ၃၅ နှစ် ဝန်းကျင် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး အိမ်အတွင်းမှာလည်း ရှာဖွေလုယက်ခံထားရတဲ့ ပုံစံတွေ တွေ့ရပေမယ့် အသေးစိတ်အခြေနေကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

"အနုကြမ်းစီးတဲ့ သဘောမျိုးဖြစ်ပြီး ရိုက်သတ်သွားတာ သဘောမျိုးပဲ။ ညနေပိုင်းလေးမှာ ဖြစ်သွားတာ အမျိုးသမီးတဦးပဲ။ ကလေးလေးက ကျောင်းကပြန်လာပြီးတော့ ငိုနေမှသိကြတာ။ အခုလောလောဆယ်တော့ အောင်ဆန်းထဲမှာ အစစ်ဆေးတွေ တအားထူထပ်နေတယ်။" လို့ မြို့ခံအမျိုးသားတဦး ကပြောပါတယ်။

အသတ်ခံရသူအမျိုးသမီးမှာ ပြည်မြို့၊ ရှမ်းစုရပ်က ခြံကိုမကြာသေးခင်က ရောင်းချခဲ့ပြီး အခင်းဖြစ်ပွားရာ နေအိမ်မှာ ငှားရမ်းနေထိုင်နေသူဖြစ်ကာ ကလေး ၂ ဦးကျန်ရစ်ပြီး  လက်ရှိမှာတော့ အမျိုးသားမရှိဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသမီးတဦး ကပြောပါတယ်။


သေဆုံးအလောင်းကိုတော့ ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်းကားနဲ့ ပြည်ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်မြို့မှာ နေ့ခင်းကြောင်တောင်အချိန်တွေမှာပင် လမ်းမပေါ်တွေမှာ ဖုန်းလုယက်ခံရတာ၊ ဆွဲကြိုးဖြတ်ပြေးတာတွေ ဖြစ်နေပြီး ဖမ်းဆီးရမိတာ မရှိသလောက်နည်းပါးနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ကုလားကုန်းရပ်၊ လမ်းမတော်လမ်းမှာရှိတဲ့ သိန်းသိန်းစတိုး ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး အပေါင်ဆိုင်နဲ့ပါတွဲဖက်ဖွင့်ထားတာကြောင့် ရွှေထည်အများအပြားပါ ဖောက်ထွင်းခံခဲ့ရတာလို့ မြို့ခံတဦးက မြေလတ်အသံကို ပြောထားပါတယ်။

 

စာတည်း - 007

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည် #အနုကြမ်းစီး #လုယက်မှု #လူသေဆုံးမှု #လူမှုကူညီရေးအသင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10