ပြည်မြို့မှာ မြစ်ရေအတက်ကြမ်းလို့ အနိမ့်ပိုင်းရပ်ကွက်နေသူတွေ ညတွင်းချင်းပြောင်းရွှေ့ရ

ပြည်မြို့မှာ မြစ်ရေအတက်ကြမ်းလို့ အနိမ့်ပိုင်းရပ်ကွက်နေသူတွေ ညတွင်းချင်းပြောင်းရွှေ့ရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ကမ်းနားနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေဝင်နစ်မြုပ်ပြီး ညတွင်းချင်း အရေးပေါ်ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ယမန်နေ့ ဇူလိုင် ၁၂ ရက်မှာ ဧရာဝတီမြစ်ရေဟာ သိသိသာသာတိုးလာတာဖြစ်ပြီး ညပိုင်းမှာတော့ ရေအတက်ကြမ်းလာလို့ ဧရာဝတီမြစ်နဲ့ နဝင်းချောင်းပေါင်းဆုံရာ နေရာအနီးတဝိုက်မှာနေထိုင်သူတွေနဲ့ အနိမ့်ပိုင်းရပ်ကွက်နေထိုင်သူတွေဟာ ပြောင်းရွှေ့နေကြရတာလို့ မြို့ခံတွေက ပြောပါတယ်။

“မာကလာကုန်း ရေဝင်နေပြီ။ သူတို့တံတားထိပ်(နဝင်းတံတား)မှာ တဲတွေထိုးနေကြပြီ။ ရေတက်ကြမ်းတယ်။ ဒီညနေစရွှေ့ကြပြီ။ မြစ်ရေက ချောင်းရေထက်မြင့်နေပြီ။ နဝင်းချောင်းကော လော့သော်ချောင်းပါ ရေတက်နေပြီ။ စကစ ဘက်ကတော့ ကူညီကယ်ဆယ်ရေး ဘာမှလုပ်တာမမြင်သေးဘူး။ ပရဟိတအဖွဲ့တွေကတော့ ပြင်ဆင်နေကြတယ်။ အရင်ရက်ကတည်းက ကယ်ဆယ်ရေးအတွက်။” လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းနားပိုင်းတွေဖြစ်တဲ့ ဖိုးခေါင်၊ ချောင်းနားတန်း၊ အနောက်လက်ခုပ်ပင် နဲ့ နဝင်းနယ်မြေ မာလကာကုန်း၊ ဘောဂကွက်သစ်၊ ရွှေပလ္လင်မျှော်အောက်ချိုင့် ရေဝင်နစ်မြုပ်နေပြီး အမြင့်ပိုင်းဖြစ်တဲ့ နဝင်းတံတားအနီးကို ပြောင်းရွှေ့နေထိုင်နေကြရပြီလို့ ပြောပါတယ်။

ဒါအပြင်ယနေ့ ဇူလိုင် ၁၃ ရက် နံနက်ပိုင်းမှာတော့ မြစ်ရေဆက်လက်မြင့်တက်လာပြီး နဝင်းချောင်းနဲ့ လော့သော့ချောင်းရေတို့ မြစ်အတွင်းမဆင်းနိုင်တဲ့အတွက် အောင်ချမ်းသာ၊ အောင်ဆန်းရှမ်းစု၊ ဇီးဖြူကုန်း၊ ဥယျာဉ်စု တို့ကိုလည်း ရေဝင်လာတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ် ပြည်မြို့စိုးရိမ်ရေမှတ်ဟာ ၂၉၀၀ စင်တီမီတာဖြစ်ပြီး ယနေ့ဇူလိုင် ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲတိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အောက် ၃ ပေခွဲကျော်ခန့် (၁၁၂ စင်တီမီတာ) တွင် ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိမယ်လို့ စစ်ကောင်စီမိုးဇလဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၁၅ ခုနှစ်မှာ ပြည်မြို့ရေကြီးရေလျှံမှု ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ပြီး ကြားကာလနှစ်တွေမှာတော့ ပုံမှန်မိုးရာသီ ရေကြီးမှုအနည်းငယ်သာရှိခဲ့ကာ ယခုနှစ်မှာတော့ ရေကြီးရေလျှံမှု ပြန်လည်ဖြစ်ပွားလာတာပါ။

#မြေလတ်အသံ

#ပဲခူးတိုင်း #ပြည်မြို့ #ဧရာဝတီမြစ် #ရေကြီး #သဘာဝဘေးအန္တရာယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10