ပြည်မြို့ ရဲတပ်ရင်း ၁၀ က ရဲအလောင်း ၁၇ လောင်းနဲ့ ဒကစ က ဗိုလ်ကြီး ၁ လောင်း အေးငြိမ်းရာသုဿန်မှာ သင်္ဂြိုဟ်ခဲ့

ပြည်မြို့ ရဲတပ်ရင်း ၁၀ က ရဲအလောင်း ၁၇ လောင်းနဲ့ ဒကစ က ဗိုလ်ကြီး ၁ လောင်း အေးငြိမ်းရာသုဿန်မှာ သင်္ဂြိုဟ်ခဲ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့အခြေစိုက် အမှတ် ၁၀ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲတပ်ဖွဲ့ဝင်အလောင်း ၁၇ လောင်း ဒီကနေ့ ဩဂုတ် ၂၆ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သုဿန်အနီးနေထိုင်သူ မြို့ခံတချို့ထံက သိရပါတယ်။

သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင် ၁၇ ဦးဟာ ပဲခူးတိုင်းအနောက်ခြမ်းမှာ အခုလနောက်ဆုံးအပတ်ကဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တာဖြစ်ကာ ပြည်မြို့ အမှတ် ၁၆ ကုတင် ၁၀၀ စစ်ဆေးရုံကနေ ပို့ဆောင်သင်္ဂြိုဟ်တာလို့ ဆိုပါတယ်။

" ရဲတပ်ရင်း (၁၀) အလောင်း ၁၇ လောင်း ဒီနေ့ အေးငြိမ်းရာမှာ ချမယ်။ ကုတင်(၁၀၀) စစ်ဆေးရုံကနေ ချမှာ။ တိုက်ပွဲဖြစ်ရင်း သေကြတာလို့ပြောတယ်။" လို့  ပြည်မြို့ အေးငြိမ်းရာသုဿန်အနီးနေထိုင်သူတဦးက နာရေးမချမီ ဒီကနေ့မနက်ပိုင်းမှာ ပြောပါတယ်။  

ဒါ့အပြင် ဩဂုတ် ၂၄ ရက်ကလည်း ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)က ဗိုလ်ကြီး အာကာမင်း အသက် ၃၂ နှစ်ရဲ့ ရုပ်အလောင်းကိုလည်း အေးငြိမ်းရာသုဿာန်မှာပဲ လာရောက်သင်္ဂြိုဟ်သွားတယ်လို့ နောက်ထပ်မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

" ဗိုလ်ကြီး အာကာမင်းဆိုတာ ကုတင် ၁၀၀ ကနေ အေးငြိမ်းရာမှာ လာချသွားတယ်။ သူဆို မိန်းမယူထားတာ ၂ လလောက်ပဲ ရှိသေးတယ်။ သူ့အမျိုးသမီးက ပြည် ကမ္ဘောဇဘဏ်ကလို့ ပြောတယ်။။ ဝက်ထီးကန်ဘက်က တိုက်ပွဲမှာပဲ ကျသွားတာ" လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်မှာ ပြည်မြိုနဲ့ အောင်လံမြို့နယ်အစပ် ဝက်ထီးကန်တိုက်နယ်၊ ဝိုင်းချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီး ပူးပေါင်းစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဘက်ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ပြည်ခရိုင်အတွင်းလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၄ ရက်မှာလည်း လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုရွာအနီးမှာ စစ်ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်အုပ်စုပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ရဲအုပ်နဲ့ ဒုရဲအုပ်အဆင့်တွေအပါအဝင် ၂၀ ဦးသေဆုံးတယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဒူးယားက ပြောဆိုထားပါတယ်။

ပုံစာ - ပြည်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများကို ဖြိုခွင်းနေသည့် စစ်ကောင်စီလက်အောက် ရဲတပ်ဖွဲ့ဝင်များ။

#မြေလတ်အသံ

#ပြည် #ရဲတပ်ရင်း၁၀ #အေးငြိမ်းရာသုဿာန် #ဒကစ #တိုက်ပွဲကျ #၁၆/၁၀၀ #စစ်ဆေးရုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10