ပြည်မြို့လယ်တိုက်ခန်းမှာ လူငယ်အမျိုးသားတဦး ထိုးသွင်းဒဏ်ရာတဒါဇင်နီးပါးနဲ့ သေဆုံးနေ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ရွှေတချောင်းလမ်း၊ ဝါရုံလမ်းထိပ်က ၄ ထပ်တိုက်၊ ၃ လွှာရှိ တိုက်ခန်းအတွင်း လူငယ်အမျိုးသားတဦး ထိုးသွင်းဒဏ်ရာအများအပြားနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၀ ကျော်အရွယ် ကိုနိုင်ဝင်းဆွေ ဆိုသူဖြစ်ပြီး သဲကုန်းမြို့နယ်ဘက်ကနေ ပြည်မြို့မှာ သင်တန်းလာရောက်တက်နေသူဖြစ်ကာ သြဂုတ် ၈ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်မှာ ၎င်းငှားရမ်းနေထိုင်ရာတိုက်ခန်းအတွင်း သေဆုံးလျက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

" ဘယ်နေ့ကတည်းက အသတ်ခံရလဲတော့ မသိဘူး။ ဘေးအနီးနားဝန်းကျင်က သူသေတာကို မနေ့ကမှသိကြတယ်လို့ ပြောတယ်။ မနေ့ညတွင်းချင်းပဲ သူ့မိဘတွေလည်း လိုက်လာတယ် " လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

လက်ရှိ သေဆုံးသူအမျိုးသားကို ပြည်မြို့ဆေးရုံကြီးမှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး ရုပ်အလောင်းမှာ ထိုးသွင်းဒဏ်ရာ ၁၁ ချက်နဲ့ သေဆုံးနေတာလို့ မြို့ခံပရဟိတအသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အသတ်ခံရတဲ့အကြောင်းရင်း အသေးစိတ်အခြေအနေတွေကိုမသိရသေးဘဲ မြို့ခံတချို့ကတော့ ရန်ငြှိုး၊ ရန်စကြောင့် အသတ်ခံရတာဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

အခင်းဖြစ်ပွားနေရာဟာ ပြည်မြို့လယ်ခေါင်နေရာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၂၃ ရက် ညပိုင်းကလည်း ယခုလူသတ်မှုဖြစ်ပွားတဲ့ တိုက်ခန်းရဲ့ မျက်နှာချင်းဆိုင်ရှိ ဓာတ်ပုံဆိုင်က ဝန်ထမ်းအမျိုးသားတဦး ဆိုင်အတွင်း ကတ်ကြေးနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပြည် #လူသတ်မှု #ဓားဒဏ်ရာ #မြို့လယ်ခေါင် #ရာဇဝတ်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10