ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

ပြည်မှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်း၊ ပြည်မြို့အထွက် ကံသုံးဆင့်မုဒ်ပေါက်အနီး တောထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၅ နာရီခန့်မှာ တောစပ်က သစ်ပင်ခြေရင်းအနီး ဒူးထောက်အနေအထားနဲ့ အမျိုးသားတဦး ကြိုးဆွဲချသေဆုံးနေတာကို တောခုတ်သွားသူတွေက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

"မိသားစုကိစ္စ စိတ်ညစ်စရာရှိလို့ ခုလိုလုပ်လိုက်တယ်လို့ဘဲ သိရတယ်။ သူများအိမ်တွင်းရေး ကိစ္စဆိုတော့လည်း စပ်စုရတာမကောင်းဘူး။ အလောင်းကိုတော့ ဆေးရုံသယ်သွားကြတယ်။" လို့ ဒေသခံတဦးကပြောပါတယ်။

 

သေဆုံးသူဟာ ပြည်မြို့၊ အောင်မြေရပ်ကွက်နေထိုင်သူတဦးဖြစ်ပြီး သာမန်လက်လုပ်လက်စား အလုပ်လုပ်သူတဦး ဖြစ်တယ်လို့ သိရပါတယ်။

 

အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး ပြည်ဆေးရုံကြီးကို ပို့ထားပြီး ဖေဖော်ဝါရီ ၁၆ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ်သွားမယ်လို့ ဆိုပါတယ်။

 

၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်ကလည်း ပြည်မြိုနယ်၊ မှော်ဇာ-ကုန်းရိုးကျေးရွာက နေအိမ်တလုံးမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ခဲ့ပါတယ်။

 

မြေလတ်အသံက တင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေအရ ၂၀၂၃ ခုနှစ်တနှစ်အတွင်း ပြည်မြို့နယ်အတွင်းမှာ ကြိုးဆွဲချသေဆုံးသူ ၁၅ ဦးခန့်ရှိပြီး မြေပြင်မှာ ဒီအရေအတွက်ထက် ပိုများနိုင်ပါတယ်။

 

 

စာတည်း - လင်း

 

 #မြေလတ်အသံ

#ပဲခူး #ပြည် #ကြိုးဆွဲချသေဆုံး #အမျိုးသား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10