ပြည်သူတရပ်လုံး စစ်မှုထမ်းဥပဒေကို မလိုက်နာကြဘဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ KNU တိုက်တွန်း

ပြည်သူတရပ်လုံး စစ်မှုထမ်းဥပဒေကို မလိုက်နာကြဘဲ တော်လှန်ရေးမှာ ပါဝင်ကြဖို့ KNU တိုက်တွန်း

လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာ မပါဝင်ဘဲ တော်လှန်ရေးမှာ ပါဝင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်မှာ KNU ဗဟိုက တိုက်တွန်းလိုက်ပါတယ်။

မျိုးဆက်သစ်လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူလူထု တရပ်လုံးက စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ ဥပဒေအကောင်အထည်ဖော်မှုလုပ်ငန်းတွေမှာ မပါဝင်တာ၊ နိုင်ငံရေးအံတုမှုလုပ်ငန်းအနေနဲ့ ဆန့်ကျင်တာ၊ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

တရားမဝင်တဲ့ ဥပဒေတွေနဲ့ စစ်ကောင်စီက လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ် မျိုးဆက်တခုအား အတင်းအကျပ် တပ်သားသစ်စုဆောင်းပြီး စစ်ပွဲနွံတွင်းသို့ ဆွဲသွင်းခြင်းဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ လိုက်နာရန် မလိုအပ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မျိုးဆက်သစ်လူငယ်တွေအနေနဲ့ တီထွင်ဖန်တည်းနိုင်တဲ့ စွမ်းပကားတွေကို အသုံးချလျက် တရားမဝင်သော စစ်ကောင်စီရဲ့ လုပ်ရပ်အားလုံးကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းလိုပြီး KNU အနေနဲ့လည်း သက်ဆိုင်ရာကဏ္ဍတွေမှာ တတ်စွမ်းသ၍ ပံ့ပိုးကူညီသွားမယ်လို့ ဆိုပါတယ်။ 

"ပြည်သူ့စစ်မှုထမ်းဥပဒေ" ဟာ တိုင်းပြည်အား ပြည်ပရန်ကျူးကျော်မှုတွေမှ ကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်တွေနဲ့ အကြီးစားမတော်တဆဖြစ်ပွားမှု စတဲ့ လူသားချင်းစာနာ ထောက်ထားသော အကူအညီပေးအပ်မှုအပါအဝင် နိုင်ငံပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီရန် ဖြည့်ဆည်းပေးအပ်ရမယ့် ဝန်ဆောင်မှုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ်နေမှုတွေနဲ့ နိုင်ငံအား စစ်တလင်းပြင်အဖြစ် ဖန်တီးနေမှုတွေ ချုပ်ငြိမ်းစေမယ်လို့ KNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

ဥပဒေအရ အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသမီး၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအမျိုးသားတွေ အားလုံး မဖြစ်မနေ စစ်မှုထမ်းရမှာဖြစ်ပါတယ်။ 

တတ်သိပညာရှင်ဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအမျိုးသမီးတွေနဲ့ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြားအမျိုးသားတွေ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေဟာ သာမန်ကာလတွင် အများဆုံး ၃ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ် ကာလမှာ အများဆုံး ၅ နှစ် စစ်မှုထမ်းရမှာ ဥပဒေမှာဖော်ပြထားပါတယ်။

စစ်မှုထမ်းဥပဒေအမိန့် အတည်ပြုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတည်ပြုလက်မှတ်ရေးထိုး ထုတ်ပြန်ပြီးနောက် စစ်မှုထမ်းဥပဒေကို လက်မခံတဲ့သူတွေက နိုင်ငံအနှံ့က PDF အဖွဲ့တွေထံ ဝင်ရောက်လိုကြောင်း ဆက်သွယ်လာသူတွေ အများအပြားရှိနေသလို PDF တွေဘက်လည်း တပ်သားသစ်အဖြစ်ဝင်ရောက်ဖို့ အပြိုင်အဆိုင်ကြေညာချက်တွေ ထုတ်ပြန်လာတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#လူငယ် #တိုင်းရင်းသား #အာဏာသိမ်းစစ်ကောင်စီ #ပြည်သူ့စစ်မှုထမ်းဥပဒေ #KNU

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10