ပြည်သူပိုင်သစ်တွေ သယ်ယူနေတဲ့ အင်အား ၁၅၀ ပါ စစ်အုပ်စုကို PDF တွေ သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံဖိုးကျေးရွာမှာ အထိုင်ချတပ်စွဲ‌နေတဲ့ အင်အား ၁၅၀ လောက်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BDF-Yinmarbin (Brother Defense Force) အဖွဲ့ဆီက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက် ညနေ ၅ နာရီခွဲက သံဖိုးကျေးရွာမှာ အထိုင်ချတပ်စွဲ‌နေတဲ့ စစ်သားတွေဟာ စည်သူသံဖိုး သစ်ကွင်းမှ သစ်တွေသယ်ယူနေချိန် ၄၅ မိနစ်အကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်အုပ်စုဟာ စည်သူသံဖိုးသစ်ကွင်းက ပြည်သူပိုင်သစ်တွေကိုလည်း ဖျက်ဆီးတာ၊ ကမ်းနားဘေးမှာရှိတဲ့ ပြည်သူ့စက်လှေတွေကိုမျှောပစ်တာ၊ သစ်ခိုးထုတ်တာ၊ နေအိမ်တွေထဲက ပစ္စည်းတွေခိုးယူသလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာတွေလည်း လုပ်နေတယ်လို့  BDF-Yinmarbin (Brother Defense Force) ဗိုလ်နေလအောင်က ပြောပါတယ်။

"ကျနော်တို့ဘက်က အဖွဲ့တွေအများကြီးနဲ့ ပစ်ခတ်ခဲ့တာဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်လည်းရှိတယ်၊ သူတို့ဘက်ကလည်း ပြန်ပစ်ခတ်တာတွေလည်းရှိတယ်၊ မနေ့ကတော့ ကျနော်တို့ဘက်က ရဲဘော်တဦး မစိုးရိမ်ရ လက်နက်ကြီးဒဏ်ရာရရှိခဲ့တယ်၊ သူတို့ဘက် သေဆုံးထိခိုက်မှုကိုတော့ အဲ့ဒီနေရာကို ကပ်လို့မရသေးလို့ စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး" လို့ ဗိုလ်နေလအောင်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို  BDF - Yinmarbin( Brother Defense Force)၊ မဲမှောင်ပျောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်တပ်ရင်း ၃၅ PDA၊ ခရိုင်တပ်ရင်း ၁၊ ဆားလင်းကြီး ယင်းမာပင်တပ်ပေါင်းစုတိုနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်ကလည်း ယင်းမာပင်မြို့နယ်၊ သံဖိုးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို BDF-Yinmarbin (Brother Defense Force)က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ယင်းမာပင် #သံဖိုးကျေးရွာ #အထိုင်ချစစ်အုပ်စု #တိုက်ခိုက်ခံရ #စစ်သား #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10