ပြည်သူမှပြည်သူသို့အဖွဲ့က စစ်ရှောင်မိသားစုတွေကို စားနပ်ရိက္ခာတချို့ ထောက်ပံ့

ပြည်သူမှပြည်သူသို့အဖွဲ့က စစ်ရှောင်မိသားစုတွေကို စားနပ်ရိက္ခာတချို့ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေကို ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ကြက်သွန်၊ ဆား၊ မြေပဲ၊ လက်ဖက်နဲ့ ကြာဇံတွေ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့က အိမ်ထောင်စု ၅၈ စုအတွက် အိမ်ထောင်စု ၁ စုကို ကြက်သွန် ၅၀ သား၊ ဆား ၁ ပိသာ၊ ကြာဇံ ၁ ထုပ် ၊ မြေပဲ နို့ဆီ ၁ ဗူးနဲ့ လက်ဖက် ၂ ထုပ် ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။

ထောက်ပံ့ရာမှာ အိမ်ထောင်စု ၁ စုကို ငွေကျပ်တန်ဖိုးအားဖြင့် ၅၀၀၀ ကျပ်ကုန်ကျပြီး အိမ်ထောင်စု ၅၈ စုကို‌ ထောက်ပံ့ပေးခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ တာဝန်ခံ ကိုသဲကြီး က ပြောပါတယ်။

အဲဒီစစ်ရှောင်နေရာမှာ အိမ်ထောင်စု ၂၅၈ စုရှိပြီး အဲဒီအထဲကမှ အခက်အခဲဆုံးဖြစ်နေတဲ့ စစ်ရှောင်မိသားစုဝင်တွေကို ရွေးချယ်ပြီး ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ထောက်ပံ့ဖို့ကျန်သေးတာက အိမ်ထောင်စု ၂၀၀ လောက်ကျန်‌သေးတယ်။ အများစုက အိမ်တွေ မီးရှို့ခံရတဲ့ ပြည်သူတွေပါ” လို့ ကိုသဲကြီးက ဆိုပါတယ်။ 

နောက်ထပ်ကျန်ရှိနေသေးတဲ့ မိသားစုဝင်တွေကို ထောက်ပံ့နိုင်အောင်လည်း ကောလင်းပြည်သူမှ ပြည်သူသို့ အဖွဲ့အနေနဲ့ ရံပုံငွေရရှိရေးအတွက် ကြိုးစားထောက်ပံ့သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ 

“(စစ်ရှောင်တွေက)သွားဖို့၊ လာဖို့အခက်အခဲရှိတယ်။ ဈေးဝယ်ဖို့လည်း ဆိုင်ကယ် ဆီဖိုးကအစ အခက်အခဲဖြစ်နေကြတာ။ ကျန်းမာရေးကိစ္စဆိုရင်လည်း နယ်လှည့်ပြီး ကုတဲ့အဖွဲ့က ရံဖန်ရံခါတော့ရောက်တယ်။ နာတာရှည် ရောဂါသည်တွေကျတော့ သူတို့သောက်နေကျ ဆေးတွေ ပြတ်လပ်တာတွေရှိတယ်။ ဆေးဝယ်ဖို့ ငွေရေးကြေးရေး အခက်အခဲဖြစ်တာတွေ တွေ့ခဲ့ရတယ် “ လို့ တာဝန်ခံ ကိုသဲကြီးက ဆက်ပြောပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့နယ် #ဝန်သိုနယ်စပ် #စစ်ဘေးရှောင် #ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10