ပြည်သူ့စစ်တွေအတွက် ရိက္ခာပို့တဲ့စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ သေဆုံးဒဏ်ရာရသူများရှိ (ရုပ်/သံ)

မကွေးတိုင်း၊ ကမ္မမြို့ကနေထွက်လာပြီး ပြည်သူ့စစ်တွေရှိတဲ့ ရွာတွေကို ရိက္ခာပို့တဲ့ကား ၉ စီးနဲ့ လုံခြုရေးယူတဲ့ အင်အား ၇၀ ဝန်းကျင် စစ်ကြောင်းကို ကမ္မမြို့နဲ့ တွင်းမရွာ လမ်းတလျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ရိက္ခာပို့တဲ့ကား ၉ စီးနဲ့ လုံခြုံရေးယူတဲ့အင်အား ၇၀ ပါ စစ်ကြောင်းကို ဇွန် ၁၇ ရက် မနက် ၉ နာရီကနေ ည ၆ နာရီအထိ ဒရုန်း ၂ စီးနဲ့ ဗုံးသီးအလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

"မှတ်တမ်းယူထားတာ မြင်ရတာတော့ ဒဏ်ရာရတဲ့စစ်သားတွေ ထမ်းပိုးသွားတာမြင်ရတယ်။ နယ်မြေရှင်းကြည့်တော့ သွေးကွက်တွေလည်းတွေ့တယ်။ ၂ ဦးသေပြီး ၁၁ ဦးလောက်ဒဏ်ရာရတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ် ရဲဘော်တဦးက ပြောပါတယ်။

ရိက္ခာပို့တဲ့ကား ၉ စီးနဲ့ စစ်အုပ်စုဟာ  ပခုက္ကူတပ်မ ၁၀၁ ကဖြစ်ကြပြီး ဗုံးသီးကြဲချခံရပြီးနောက် ည ၇ နာရီမှ တွင်းမရွာကို တက်သွားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်အတွင်းက ပြည်သူ့စစ်တွေရှိတဲ့ သရက်ကန်ရွာ၊ သရက်ကွရွာ၊ တွင်းမရွာတွေမှာ ရိက္ခာပြတ်တောက်နေတာကြောင့် စစ်ကောင်စီက ဖောကား၊ ဟီးနိုးကား၊ ၁၀ ဘီးကား၊ ၁၂ ဘီးကားတွေနဲ့ ရိက္ခာပို့ပေးတာလို့ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြိုင်မြို့နယ်၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)၊ PKU Thurain၊ Young Force UG၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Kamma Defense Force (KMDF)၊ Kamma Underground (ကမ္မတပ်ပေါင်းစု)၊ Pakokku People Defense Force (PPDF)၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Phoenix People’s Denfese Force (ဂဠုန်တပ်ခွဲ-၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#မြိုင် #ပြည်သူ့စစ် #ရိက္ခာပြတ်တောက် #တပ်မ၁၀၁ #ရိက္ခာပို့ #ဒရုန်းဗုံးကြဲခံရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10