ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး

ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်နေသူတွေကို ပြင်းထန်စွာအရေးယူမယ်လို့ တောင်ပိုင်းစစ်ဒေသ သတိပေး

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ စစ်ဆင်ရေးနယ်မြေအတွင်းရှိ မြို့နယ်တွေမှာ စစ်ကောင်စီ အလိုကျ ပြည်သူ့စစ်ဖွဲ့စည်းဖို့ ပါဝင်လုပ်ဆောင်နေသူအားလုံးကို ပြင်းထန်စွာအရေးယူသွားမယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဇန်နဝါရီ ၁၈ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ ပြည်သူ့စစ်အဖြစ် အတင်းအဓမ္မစုဆောင်းနေတာကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး တက်နိုင်သမျှ ရှောင်ကြဉ်ဖို့နဲ့ စစ်ကောင်စီရဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ လက်ပါးစေတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာ၊ အနီးကပ်နေထိုင်တာတွေကို အထူးသတိပြု ရှောင်ရှားကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ 

"စကစ တပ်က အားလုံးသိတဲ့အတိုင်း အင်အားတွေ ပြုန်းတီးနေတယ်။ ပြိုကွဲမှုတွေ ဖြစ်နေတယ်။ ဒါကို အင်အားပြန်လည် ဖြည့်တင်းဖို့ ပြည်သူတွေကိုအတင်းအကြပ်ကို ဖိအားပေးပြီး လူစုဆောင်းလာတယ်။ စစ်အာဏာရှင်တွေရဲ့ ယုတ်မာတဲ့နည်းလမ်းတွေထဲက ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ လုပ်ရပ်ပဲ"လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဒေသကြီးအတွင်းက စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဖွဲ့စည်းရာမှာ ပါဝင်ပတ်သက်နေသူအားလုံးကို ပြင်းပြင်း ထန်ထန်အရေးယူသွားမှာလို့ ဆိုပါတယ်။

လက်ရှိမှာ ပဲခူးတိုင်းအတွင်းက ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ ပေါင်းတည်၊ နတ်တလင်း၊ ဝေါ စတဲ့မြို့နယ်တွေအပါအဝင် မြို့နယ်အများစုမှာ အဓိကထားပြီး စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့ဆိုကာ မဲနှိုက် ပြီး လူစုဆောင်းတာတွေ လုပ်နေတာပါ။ 

ကျေးရွာတွေဘက်မှာလည်း ပြည်သူစစ်ဖွဲ့စည်းဖို့ အနည်းဆုံး လူ ၂၀ မှ အများဆုံး လူ ၅၀ ထိတောင်းခံနေပြီး ရွာလုံးကျွတ်ပြည်သူစစ်အဖွဲ့ မဝင်လိုတဲ့ရွာရှိပါက မဲနှိုက်တဲ့ စနစ်နဲ့ အတင်းအကြပ် ဝင်ခိုင်းနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပြည်သူစစ်အဖွဲ့ဝင်အဖြစ် မဝင်လိုတဲ့ ကျေးရွာတွေကိုလည်း PDF အားပေးထောက်ခံတဲ့ ကျေးရွာတွေအဖြစ် သတ်မှတ်ပြီး လုံခြုံရေးအာမခံချက်မပေးနိုင်ဘူးလို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်နေတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် ပြည်သူစစ်ဖွဲ့ပြီးတဲ့ ကျေးရွာတွေမှာလည်း ဒေသခံတွေက ကျေးရွာပြည်သူစစ်တွေရဲ့ ရိက္ခာ၊ လစာအတွက်ဆိုကာ တလကို ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀ ထိ ပေးနေရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

ပုံစာ - ပန်းတောင်းမြို့နယ်၊ ကျီးတောကျေးရွာတွင် ဇန်နဝါရီ ၁၆ ရက်မနက်ပိုင်းက ပြည်သူ့စစ်ဖွဲ့မည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံများ လူစုနေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #စစ်ကောင်စီ #ပြည်သူ့စစ် #စုဆောင်း # တောင်ပိုင်းစစ်ဒေသ #အမှတ်၂စစ်ဒေသခွဲ #သတိပေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10