ပြည်သူ့စစ်ဖွဲ့ဖို့ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦးသေ

ပြည်သူ့စစ်ဖွဲ့ဖို့ဖိအားပေးနေတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦး သေနတ်ပစ်ခံရပြီး ၁ ဦးသေ

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီလက်အောက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၁ ဦးတို့ ဇန်နဝါရီ ၂၁ ရက် မနေ့နေ့လယ် ၂ နာရီခန့်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးသေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ ထံက သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ အသက် ၆၅နှစ်ခန့်ရှိ ထန်းပင်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး သန်းထွန်း နဲ့ အသက် ၅၀ ခန့်ရှိ ပျဥ်းမကုန်းကျေးရွာ ရာအိမ်မှူး နိုင်ကြီး တို့ဖြစ်ပြီး မင်းလှမြို့ကနေ ထန်းပင်ကုန်းကျေးရွာဘက်ကို ဆိုင်ကယ်စီးနင်းပြန်လာစဉ် သဲကောကျေးရွာအနီးမှာ စောင့်ဆိုင်းပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

" စောင့်ပစ်တဲ့အချိန်မှာ နိုင်ကြီးက အရင်လာတာ အရှိန်များတော့ တည့်မထိဘဲ ရှပ်မှန်တာလောက်ပဲ ဖြစ်သွားတယ်။ အုပ်ကြီးကျတော့ တည့်တည့်မှန်တာ၊ နှစ်ယောက်စလုံး ဆိုင်ကယ်လဲသွားပေမယ့် နိုင်ကြီးကို ထပ်ပစ်ဖို့အချိန်မရဘဲ ပြန်ဆုတ်လာရတာ"လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုတစ်က ပြောပါတယ်။

ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး သန်းထွန်းမှာ ရင်ဘတ်နဲ့ဦးခေါင်းတွေမှာ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားသလို နိုင်ကြီးဆိုသူမှာ မျက်နှာ ကျည်ရှပ်မှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ဟာ မင်းလှမြို့နယ်အတွင်း စစ်ကောင်စီအတွက် ပြည်သူ့စစ်ဖွဲ့စည်းဖို့နဲ့ စစ်သင်တန်းတက်ရောက်ဖို့ ခြိမ်းခြောက်ဖိအားပေးစုဆောင်းနေသလို ပြည်သူ့စစ်ဖွဲ့ဖို့မပါဝင်တဲ့ ဒေသခံတွေကို ဖိအားပေးငွေကြေးတောင်းခံနေလို့ ရှင်းလင်းတာလို့ ဆိုပါတယ်။ 

မင်းလှမြို့နယ်စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ပြည်သူစစ်ဖွဲ့ဖို့ ဖိအားပေးနေပြီး ကျေးရွာအုပ်စုတစုကို ပြည်သူ့စစ်အင်အား ၃၀ မှ ၅၀ အထိတောင်းခံနေကာ ပြည်သူ့စစ်အဖြစ်မပါဝင်သူတွေကိုလည်း လစဥ်တအိမ် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ထိ ပြည်သူ့စစ်တွေကို ထောက်ပံ့ဖို့ ဖိအားပေးတောင်းခံနေတာပါ။

သာယာဝတီခရိုင်အတွင်းမှာ  ပြည်သူ့စစ်အဖြစ်အတင်းအကြပ် ဖိအားပေးစုဆောင်းနေသူတွေကို ယခုလို ထိရောက်စွာအရေးယူသွားမယ်လို့ ခရိုင် PDF က ထုတ်ပြန်ထားပြီး တောင်ပိုင်းတိုင်းစစ်ဒေသကလည်း ပြည်သူ့စစ်ဖွဲ့တာမှာ ပါဝင်ဆောင်ရွက်သူတွေကို အရေးယူဆောင်ရွက်မယ်လို့ အခုလ တတိယအပတ်ထဲမှာပဲ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကလည်း မင်းလှမြို့နယ်၊ ကံ့ကော်ပင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး ဦးမောင်ဉာဏ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #မင်းလှ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပစ်ခတ်ခံရ #သေဆုံးမှု #PDF #ပြည်သူ့စစ် #ဖိအားပေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10