ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား (Fact Check)

ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား (Fact Check)

စစ်ကိုင်းတိုင်း၊​ ဝက်လက်မြို့၊ သမားရိုးကျေးရွာမှ ဈေးရောင်းထွက်ကြတဲ့ ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်းများဆိုတဲ့ ဓါတ်ပုံတွေနဲ့ သတင်းအမှား ပျံ့နှံ့နေပါတယ်။

“အကြမ်းဖက် PDF များမှအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုများအပိုင်း - ၃

ဝက်လက်မြို့နယ် သမာရိုးရွာမှစျေးရောင်းထွက်ကြသည့် အပြစ်မဲ့ ပြည်သူ ၇ ဦးကို PDFအကြမ်းဖက်များမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် မှတ်တမ်း။ (မူရင်းရေးသားချက်အတိုင်း) “

ဟုဆိုကာ အလောင်းဓါတ်ပုံ ၆ ပုံနဲ့တကွ စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ Subscribers ၁၄၂,၀၀၀ ကျော်ရှိ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီ ၂၃ မိနစ်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၁၃ ရက် ဒီကနေ့ ညနေပိုင်း အထိ Views ၂၉၀၀၀ ကျော်နဲ့ Reaction ၄၅၃ ခုရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းအကြောင်းအရာကိုပဲ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်မှ ဖော်ပြပြီး ၁၀ မိနစ်အကြာမှာ Subscribeers ၁၈,၀၀၀ ကျော်ရှိတဲ့ MMC(News) တယ်လီဂရမ်ချန်နယ်ကလည်း ထပ်မံဖော်ပြလာခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။

သတင်းမှားဖော်ပြမှုများကို အောက်ဖော်ပြပါ လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

မှိုင်းဝေ တယ်လီဂရမ်ချန်နယ်မှ ဖော်ပြမှု - https://archive.ph/piTWT

MMC(News) တယ်လီဂရမ်ချန်နယ်မှ ဖော်ပြမှု - https://archive.ph/BvLs0

အဆိုပါအကြောင်းအရာ လူမှုကွန်ယက်မှာပျံ့နှံ့နေမှုကို မြေလတ်အသံက ပြန်လည်စစ်ဆေးခဲ့ရာ အချက်အလက်မှားယွင်းနေပြီး နားလည်မှုလွဲစေတဲ့ သတင်းဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါတယ်။

 

သတင်းမှားဖြစ်ကြောင်း စိစစ်ဖော်ပြချက်

သတင်းမှားဖော်ပြမှုမှာ အသုံးပြုထားတဲ့ ဝက်လက်မြို့နယ်၊ သမားရိုးရွာ၊ ပြည်သူ ၇ ဦး ဆိုသည့်အကြောင်းအရာကို Google Search တွင် ထည့်သွင်းရှာဖွေကြည့်ခဲ့ရာ အဆိုပါဖြစ်စဉ်မှာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၆ ရက် မနက် ၅ နာရီ ဝန်းကျင်လောက်က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမားရိုးနဲ့ ရွှေပန်းကုန်းရွာကြား ဈေးရောင်းထွက်လာတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ၇ ဦး သေဆုံးခဲ့ကြောင်း သတင်းဖော်ပြချက်များကို ရှာဖွေ တွေ့ရှိခဲ့ရပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတွေကနေ သမားရိုးရွာ ပြည်သူ ၇ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ဆက်လက် ရှာဖွေကြည့်ခဲ့ရာမှာ တွေ့ရှိခဲ့ရတဲ့ သတင်းအချို့ကို အောက်ပါအတိုင်း သိရှိနိုင်ပါတယ်။

စစ်ကောင်စီ တိုက်ခိုက်မှု သမားရိုး ဒေသခံ ၇ဦးသေဆုံးကြောင်း BBC မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် ရုပ်သံသတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဝက်လက်မှာ ဈေးသည် ခုနှစ်ဦး သတ်ဖြတ်ခံရပြီး ဒေသခံ ၃၀ ခန့်ဖမ်းဆီးခံရကြောင်း RFA မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်တွင် သတင်းဖော်ပြချက် - သတင်းကြည့်ရန်

ဝက်လက်မြို့အနီး စစ်တပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်ကြောင်း VOA မှ ၂၀၂၃ ခုနှစ် ဇူလိုင် ၆ ရက်တွင် သတင်းဖော်ပြချက်  - သတင်းကြည့်ရန်

ဒါကြောင့် စစ်ကိုင်းတိုင်း၊​ ဝက်လက်မြို့၊ သမားရိုးကျေးရွာမှ ဈေးရောင်းထွက်ကြတဲ့ ပြည်သူ ၇ ဦးကို PDF တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်သောလည်း အချက်အလက်များမှားယွင်းနေပြီး ၎င်းအရပ်သားများကို စစ်ကောင်စီစစ်ကြောင်းမှ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသာဖြစ်လို့ ဖြစ်စဉ်အမှန်၊ အချက်အလက်အမှားနဲ့ နားလည်မှုလွဲစေတဲ့သတင်းတခုသာ ဖြစ်ပါတယ်။

သတင်းအမှားဖြန့်ဝေနေတဲ့ မှိုင်းဝေ တယ်လီဂရမ်ချန်နယ်နဲ့ MMC(News) တယ်လီဂရမ်ချန်နယ်တို့ကို စိစစ်ကြည့်ရာမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းစကားများနဲ့ သတင်းမှားများကို အစဉ်တစိုက်ဖြန့်ဝေနေပြီး စစ်ကောင်စီတပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

မှိုင်းဝေ တယ်လီဂရမ် - https://archive.ph/JPh5s

MMC(News) တယ်လီဂရမ် - https://archive.ph/z4wDS

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေဟာ သတင်းတု၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ အုပ်စုဖွဲ့ထုတ်လွှင့်နေပြီး အရပ်သားပြည်သူများအပေါ် စစ်တပ်က သတ်ဖြတ်မှုများကို PDF များ သတ်ဖြတ်ခဲ့သယောင် ထင်ယောင်ထင်မှား ဖြစ်စေရန် အချိန်ကာလကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဓါတ်ပုံအချို့ကို အသုံးပြုကာ ဝါဒဖြန့်နေသလို PDF များအပေါ် လူထု အထင်အမြင်လွဲမှားစေရန် ရေးသားဖြန့်ဝေနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုသတင်းတွေကိုတွေ့ရင် အလွယ်တကူ မယုံကြည်သင့်ဘဲ သတင်းမှာဖော်ပြထားတဲ့ ဓါတ်ပုံတွေကို ယခင်က အွန်လိုင်းတွင် ဖော်ပြခဲ့ဖူးခြင်းရှိမရှိ reverse image search ဖြင့် အင်တာနက်ပေါ်တွင် ရှာဖွေကြည့်ရှုနိုင်သလို ဖော်ပြထားတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဖြစ်စဉ်ပါအချက်အလက်တို့ကို အသုံးပြုကာ အချက်အလက်အတည်ပြုပြီးဖော်ပြတဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ Website တွေမှာ ရှာဖွေကြည့်ရှုပြီး နှိုင်းယှဉ်စဉ်းစားနိုင်ဖို့ အကြံပြုအပ်ပါတယ်။

#မြေလတ်အသံ

#Factcheck #ဝက်လက် #သမားရိုး #ပြည်သူ #အစုလိုက်အပြုံလိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10