ပြည်-အောင်လံ ကားလမ်းပေါ်မှာ PDF အဖွဲ့ဝင် ၆ ဦးဖမ်းခံရ

ပြည်-အောင်လံ ကားလမ်းပေါ်မှာ PDF အဖွဲ့ဝင် ၆ ဦးဖမ်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပြည်-အောင်လံ ကားလမ်းပေါ်မှာ ခရီးသည်ယာဥ် ၁ စီးပေါ်ကနေ PDF အဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းသွားတယ်လို့ ပြည်ခရိုင်တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။

အောက်တိုဘာ ၁၁ ရက်မှာ ပြည်-အောင်လံကားလမ်းပေါ်မှာ ပြည်မင်းသား ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"လူဦးရေခန့်မှန်းအရရော ဒီလူတွေပျောက်ဆုံးရက်အရရောဆိုတော့။ စစ်ကောင်စီဘက်လည်း စစ်ဆေးမေးမြန်းပြီးမှ ဓာတ်ပုံရိုက်ထုတ်ပြန်တာဆိုတော့။ သေချာသလောက်ရှိပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့တော့ သိရပေမယ့်ပြောလို့မရသေးဘူး"လို့ ပြည်ခရိုင်တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ရဲဘော်တွေကိုဖမ်းဆီးရမိချိန်မှာ လူတွေကို အရင်ဖမ်းမိခဲ့ကာ နောက်မှ လက်နက်တွေရှိတဲ့နေရာတွေကို လိုက်ပြခိုင်းပြီး လက်နက်အချို့ကိုသိမ်းဆည်းသွားတယ်လို့ ဆိုပေမယ် အရေအတွက်ကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွေမှာတော့ PDF ၆ ဦးကို လက်နက်တွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ ရေးသားဖော်ပြထားကြပြီး ဖမ်းဆီးရမိချိန်မှာ သေနတ် ၁၁ လက်၊ ကျည် ၃၀၀ ကျော်၊ ကျည်အိမ် ၁၄ ခုနဲ့ လက်လုပ်မိုင်း ၇ လုံးဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

စစ်ကောင်စီတယ်လီဂရမ်ကထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေအရ ဖမ်းဆီးခံရသူတွေဟာ ပြည်ခရိုင်အတွင်းလှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့ဝင်တွေဖြစ်တာမှန်ကန်ကြောင်း ပြည်ခရိုင်အတွင်းက နောက်ထပ်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးက အတည်ပြုပြောပါတယ်။

အဲ့ဒီနေ့ အောက်တိုဘာ ၁၁ ရက်မှာပဲ ပြည်ရွှေဆံတော်ဘုရားအနီးမှာ အမျိုးသား ၅ ဦးကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေကဆက်ပြောပါတယ်။

စက်တင်ဘာ ၃ ရက်ညပိုင်းမှာ အောင်လံမြို့အနီး အောင်လံ-ပြည်ကားလမ်းပေါ်က ဘွက်ကြီး စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပြည်မြို့ကနေ အောင်လံမြို့ဘက်ကိုလာတဲ့ ခရီးသည်တင်ယာဉ် ၁ စီးပေါ်ကနေ အသက် ၅၀ အောက်အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ပြည် #စစ်ကောင်စီ #PDF #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10