ပြည်-ပေါက်ခေါင်းလမ်းဘေးက နေအိမ်၊ ဈေးဆိုင်နဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းနေ

ပြည်-ပေါက်ခေါင်းလမ်းဘေးက နေအိမ်၊ ဈေးဆိုင်နဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းနေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပြည်-ပေါက်ခေါင်းလမ်းဘေးရှိ ‌နှောကုန်း၊ လခုပ်ပင်၊ ရွာသာကုန်း ကျေးရွာတွေက လူနေအိမ်၊ ဈေးဆိုင်တွေနဲ့ အဆောက်အဦးတွေကို စစ်ကောင်စီက ဖယ်ရှားခိုင်းနေတယ်လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဇွန်လ ၁၁ ရက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တဆင့် ပြည်မြို့နယ်လမ်းဦးစီးဌာနက ထုတ်ပြန်အသိပေး စာကို လာပို့သွားတာဖြစ်ပြီး ဇွန်လ ၁၇ ရက် နောက်ဆုံးထားဖယ်ပေးရမယ်လို့ ဆိုပါတယ်။

"ကားလမ်းဘေးနှစ်ဖက်စလုံးကနေ ၇၅ ပေ ဖယ်ရမယ်ဆိုပြီး စာထုတ်လာတယ်။ အဲတော့ ကျနော်တို့ဘက်က စိုးရိမ်ရတာပေါ့။ အမြန်လမ်း စီမံကိန်းလုပ်ဖို့ ရှိတယ်လို့တော့ပြောတယ်။ ဖယ်ပေးရရင် ကျနော်တို့ဘက်မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ အများကြီးရှိလာမှာ" လို့ ဒေသခံတဦးကပြောပါတယ်။

နေရာကနေ မဖယ်ရှားပေးပါက အဆောက်အဦးပိုင်ရှင်တွေကို တရားစွဲ ဖမ်းဆီးထောင်ချတာတွေ လုပ်လာနိုင်တဲ့ အပြင် ဘူဒိုဇာတွေနဲ့ထိုးပြီး ဖျက်ဆီးတာတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။

"အဆောက်အဦးတွေ ဖျက်ခံရမယ့် သူတွေဘက်ကတော့ မဖယ်ပေးချင်ကြဘူးပေါ့နော်။ တကယ်လို့ ဖယ်ပေးရ မယ်ဆိုလဲ ပေ ၅၀ လောက်ထိဘဲ ဖယ်ပေးရဖို့ တောင်းဆိုချင်ကြတာပေါ့နော်။ ၇၅ ပေ အတိဆိုရင် တော်တော် များများက မလွယ်ဘူး" လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

လမ်းကနေ ၇၅ ပေ အပြည့်ဖယ်ပေးရပါက နေအိမ်အဆောက်အဦးအကုန်၊ ခြံထဲကနေပါ ဖယ်ပေးရမယ့် သူတွေများနေပြီး နေစရာ ခြံဝင်းမရှိတဲ့အဖြစ်ကို ရောက်သွားနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ ကျေးရွာ ၃ ရွာက နေအိမ်နဲ့ စျေးဆိုင် ၃၀ ခန့်၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်းနဲ့ ဆန်စက် ၅ လုံးလောက် ဖယ်ပေးရမယ့်အခြေအနေ ရှိနေတာပါ။

လက်ရှိမှာ ပြည်-ပေါက်ခေါင်းလမ်းဟာ ၁၈ ပေအကျယ်နဲ့ လမ်းပခုံးအပါအဝင် ၂၈ ပေလောက်ရှိနေတယ်လို့ သိရပါတယ်။

ဖယ်ပေးရမယ့်နေရာတွေက အဆောက်အဦးတွေဟာ လွန်ခဲ့တဲ့ ၁၅ နှစ်အထက်ကတည်းက ရှိနေခဲ့တဲ့ အဆောက် အဦးတွေ၊ နေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။

 

ပုံစာ- ပြည်-ပေါက်ခေါင်းလမ်းဘေးက အဆောက်အဦးတွေကို လမ်းဦးစီးဌာနက ဖယ်ရှားခိုင်းပြီးနောက် ဖြိုဖျက်ပေးနေရပုံ။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပြည် #ပေါက်ခေါင်း #လမ်းဦးစီးဌာန #နှောကုန်း #လခုပ်ပင် #ရွာသာကုန်း #အဆောက်အဦး #ဖယ်ရှားခိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10