ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းသူတွေလို့ သံသယရှိသူတွေကို မုံရွာပကဖ ဖမ်းဆီးစစ်ဆေးနေ

ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းသူတွေလို့ သံသယရှိသူတွေကို မုံရွာပကဖ ဖမ်းဆီးစစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်က လုပ်ငန်းရှင် ၁ ဦးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ တောင်းယူသူတွေလို့ သံသယရှိသူတွေကို ဖမ်းဆီးရမိထားတယ်လို့ မုံရွာမြို့နယ် ပကဖ ဆီက သိရပါတယ်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ အမြင့်တိုက်နယ် သပိတ်ခေါင်းဆောင် ကိုဖြိုးဝေလျှံ၊ UG အဖွဲ့ဝင်တချို့နဲ့ PDF တပ်ရင်းတခုက ရဲဘော် ၂ ဦး ပါဝင်တဲ့အဖွဲ့ဟာ ဩဂုတ်လ ၅ ရက်က မုံရွာမြို့၊ နာရီစင်အနီးက မျက်မှန်ဆိုင်ပိုင်ရှင်ကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၇၀၀ နဲ့ပြန်ရွေးခိုင်းခဲ့တာလို့ ဆိုပါတယ်။

"ဒလန်စွပ်စွဲချက်နဲ့ လုပ်ငန်းရှင်ကို ၅ ရက်နေ့မှာ ဖမ်းတယ်။ ၆ ရက်နေ့မှာ မိသားစုဆီကို ဆက်သွယ်ခြိမ်းခြောက်ပြီး ငွေတောင်းတယ်။ ၇ ရက်နေ့မှာ ငွေရတော့ လူကို ပြန်လွှတ်ပေးလိုက်တယ်။ အဲ့သတင်းကြားတော့ စုံစမ်းပြီး ပြန်ပေးဆွဲတဲ့အဖွဲ့ရဲ့ စခန်းနေရာမှာ ဝင်ဖမ်းခဲ့ရတယ်"လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဩဂုတ်လ ၈ ရက်မှာ ပြန်ပေးဆွဲငွေတောင်းခဲ့သူ ကိုဖြိုးဝေလျှံနေထိုင်ရာနေရာကို ပကဖ၊ ပလဖနဲ့ ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာဖြစ်ပြီး နောက်ထပ် ဆက်စပ်သူတွေကိုလည်း စုံစမ်းစစ်ဆေးနေကာ လက်ရှိမှာ ကိုဖြိုးဝေလျှံအပါ ၄ ဦးကို NUG မုံရွာခရိုင် တရားစီရင်ရေးအဖွဲ့ထံ အပ်နှံထားပြီး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

"ပြန်ပေးမှုဦးဆောင်တဲ့ ဖြိုးဝေလျှံက သပိတ်ခေါင်းဆောင်တဦးပါ။ လောလောဆယ် ဖမ်းဆီးရမိထားသူတွေကို တရားရေးထောင်ကို ပို့ထားတယ်။ ဥပဒေအတိုင်း ဆက်လုပ်သွားမှာပါ"လို့ ဖမ်းဆီးရေးအဖွဲ့မှာ ပါဝင်ခဲ့သူ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ကိုဖြိုးဝေလျှံနဲ့ နီးစပ်သူတဦးကတော့ မုံရွာပကဖ ဘက်က ကိုဖြိုးဝေလျှံတဦးကိုသာ ဖမ်းဆီးထားပြီး ကျန်ပါဝင်သူတွေကိုတော့ ဖမ်းဆီးထားခြင်းမရှိပဲ ဝေစုခွဲထားတဲ့ ပြန်ပေးငွေတွေကိုသာ ပြန်လည်တောင်းခံထားတယ်လို့ ဆိုပါတယ်။ 

“သူတို့သွားလုပ်တဲ့လူက စကစဘက်က အကောင်ကြီးပေါ့။ ဖြိုးဝေက သူတယောက်တည်းနေတာ၊ ပြန်ပေးလုပ်တော့ သူက ကားမောင်းပေးတာ။ ပြန်ပေးငွေတွေကိုလည်း သူနဲ့အဖွဲ့တွေနဲ့ တဝက်စီ ခွဲယူတာ။ အကုန်ဖမ်းခံရတာမဟုတ်ဘူး။ သူနဲ့အတူ ပါတဲ့သူတွေကို မဖမ်းဘူး၊ ယူထားတဲ့ပိုက်ဆံတွေပဲ ပြန်တောင်းတယ်။ အဲ့ရက်ပိုင်းမှာလည်း တခြားပြန်ပေးမှုတွေ ၃၊ ၄ ခုဖြစ်တယ်။ သူတယောက်ပဲ အဖမ်းခံရတာ” လို့ ကိုဖြိုးဝေလျှံနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဖမ်းဆီးစစ်နေမှုတွေ ပြုလုပ်နေတဲ့အတွက် ကိုဖြိုးဝေလျှံကို မြေလတ်အသံအနေနဲ့ သီးခြားဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

ဩဂုတ်လ ၁၀ ရက်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းက နေအိမ်တအိမ်ကို ဝင်ရောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးကို ပစ်သတ်ကာ အမျိုးသမီးကြီး တဦးကိုပါပစ်ခတ်ပြီး ဆိုင်ကယ်နဲ့ဖုန်းယူသွားတယ်ဆိုတဲ့ ဗိုလ်ကျွဲကြီးအပါအဝင် ၇ ဦးကို ပကဖ၊ ပလဖ က ဖမ်းဆီးပြီး မုံရွာခရိုင်တရားရေးအဖွဲ့ထံကို အပ်ထားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #ပြန်ပေးမှု #ပကဖ #PDF #အမြင့်တိုက်နယ် #သပိတ်ခေါင်းဆောင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10