ပြန်မချစ်လို့ဆိုကာ မိန်းကလေးကို သေနတ်နဲ့ပစ်သတ်တဲ့ ရဲဘော်ကို NUG ကထောင်ဒဏ် ၁၀ နှစ်ချ

ပြန်မချစ်လို့ဆိုကာ မိန်းကလေးကို သေနတ်နဲ့ပစ်သတ်တဲ့ ရဲဘော်ကို NUG ကထောင်ဒဏ် ၁၀ နှစ်ချ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာက မယုမွန်ထက်ကို နေအိမ်ထဲထိဝင်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဝက်လက်တပ်ရင်း ၂၊ တပ်ခွဲ ၁ က ဒုတပ်ခွဲမှူးပြည့်ထွန်းနိုင် (ခ) လင်းစေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သခွတ္တောကျေးရွာမှ အမျိုးသမီး ၁ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၁၊ ဒုတပ်ခွဲမှူး ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ က ပစ်သတ်ခဲ့ကြောင်း အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ပေါ်ပေါက်တဲ့အတွက် တရားခံကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖြစ်စဉ်မှာ ၂၀၂၄ ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင် က သေနတ်နဲ့တချက်တည်း ပစ်သတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

ဖေဖော်ဝါရီ ၂၆ ရက်က သခွတ္တောရွာနေ မယုမွန်ထက်ကို ဝက်လက် PDF တပ်ရင်း ၂ ရဲ့ တပ်စိတ်မှူး ကိုပြည့်(ခ) ပြည့်ထွန်းနိုင် က "နင့်အချစ်ကို ငါက လက်နက်နဲ့ခြိမ်းခြောက်ယူတယ်လို့ နင်ပြောတယ်ဆို ဟုတ်လား" လို့ မေးရာ မယုမွန်ထက်က "ဟုတ်တယ်" ဆိုပြီးပြန်ပြောစဥ်မှာ ဖခင်နဲ့ဆွေမျိုးတွေရှေ့မှာတင် သေနတ်နဲ့ပစ်သတ်သွားခဲ့တာ ဖြစ်ပါတယ်။ 

အခုလိုပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်လို့ မယုမွန်ထက်ရဲ့ဖခင်ကို မြေလတ်အသံက ဆက်သွယ်မေးမြန်းရာမှာ သူက"ကျနော်တို့ကတော့ တောင်းဆိုတာကဗျာ၊ အသေစားအသေခံ တောင်းဆိုထားတာပဲ။" လို့ ပြောပါတယ်။ 

ဒီအမှုကို ကာကွယ်ရေးဝန်ကြီးဌာနကဘက်က ၉ လအကြာစစ်ဆေးခဲ့ပြီးတော့ မယုမွန်ထက်ရဲ့ ဖခင်ကိုယ်တိုင်လည်း မျက်မြင်သက်သေ ထွက်ဆိုပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအမှုစစ်ဆေးတာကြန့်ကြာနေလို့ဆိုပြီး မတ် ၆ ရက်ကလည်း မိသားစုတွေက NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဌာန၊ သမ္မတရုံး၊ ဗဟိုတိုင်ကြားမှုဆိုင်ရာကော်မတီ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ကို တိုင်ကြားစာပို့ခဲ့ပါသေးတယ်။

အဆိုပါအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၉ ရက် အမိန့်အမှတ် (၁၀၃/၂၀၂၄)နဲ့ အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄) ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း၊ အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က  စစ်ဆေးကြားနာခဲ့ပြီး အောက်တိုဘာ ၁၁ ရက်တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ ဟာပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတာကြောင့် ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ  အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် (ဆယ်နှစ်) ကျခံစေရန် စစ်တရားရုံး လုပ်ထုံးလုပ်နည်း အပိုဒ် - ၈၁ အရ အတည်ပြု အမိန့်ချမှတ်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်လျက်ရှိပြီး၊ လိုအပ်တဲ့ ထိန်းကျောင်းမှုတွေကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိသလို တပ်မတော်သားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း မျှတတဲ့ တရားစီရင်မှုတွေ (fair trial)၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ NUG အစိုးရက ဆိုပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #သခွတ္တော #မယုမွန်ထက် #ထောင်ဒဏ် #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10