သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူတွေထဲက စစ်ဘေးရှောင် ၁၅၀ ခန့်မှာ ယားနာတွေပေါက်နေတယ်လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေးနဲ့ ဒေသခံတွေထံက သိရပါတယ်။
စစ်ဘေးရှောင်တွေဟာ ချုံပုတ်၊ သစ်ပင်တွေနဲ့ ဝါးရုံပင်တွေအောက်မှာ တဲထိုးနေထိုင်ရတဲ့အတွက် အင်းဆက်ပိုးကောင်တွေရဲ့အမှုန်အမွှားတွေကြောင့် ယားနာတွေပေါက်နေကြတာလို့ဆိုပါတယ်။
"တောတွေထဲမှာနေရတော့ အခုကာလက ခူကောင်ဆိုတဲ့ ဆိတ်တုတ်ကောင်ပုံစံမျိုး၊ ချုံပုတ်တွေထဲမှာနေရတော့ ခူကောင်တွေရဲ့အမွှေးတွေကျတာနဲ့ဆိုတော့ ကလေးတွေမှာ အင်ပြင်ထသလိုမျိုး အဖုအပိန့်တွေထပြီး ယားနာဖြစ်နေကြတာ။ အရေအတွက်အားဖြင့်ဆို ၁၅၀ ကျော်လောက်ရှိမယ်။" လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေး တာဝန်ခံကိုအညာသားကပြောပါတယ်။
ယားနာတွေပေါက်နေတာနဲ့ ပတ်သက်ပြီး ကုသမယ့်ဆေးဝါးတွေလည်းမရှိသလို ဆေးဝါးဝယ်ယူရရှိဖို့လည်း ခက်ခဲပြီး ကူညီပေးမယ့်သူတွေလည်းမရှိဘူးလို့ သူက ဆက်ပြောပါတယ်။
တချို့စစ်ရှောင်တွေဟာ ပွင့်ဖြူမြို့အထိသွားရောက်ပြီး ဆရာဝန်နဲ့ပြသကာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ရှောင်အများစုကတော့ သနပ်ခါး၊ ဆားတို့နဲ့သွေးလိမ်းပြီး ဆေးမြီးတိုတွေနဲ့ ကုသနေကြရတယ်လို့ သိရပါတယ်။
" ခူကောင်အမွှေးတွေက လေတိုက်ရင်ပါလာတာ၊ အဝတ်အစား၊ ခန္ဓာကိုယ်ထိတာနဲ့ သေစေနိုင်တာမျိုးမဟုတ်ပေမယ့် ယားတာတော့ တော်တော်ယားတယ်။" လို့ ကိုအညားသားကဆက်ပြောပါတယ်။
သစ်ပင်အောက်၊ ချုံပုတ်အောက်တွေမှာ တာလပတ်ခင်း ဖြစ်သလိုနေထိုင်ကြရလို့ သစ်ပင်၊ ချု့ပုတ်တွေမှာ ခိုအောင်းနေတဲ့ အကောင်လေးတွေရဲ့ အမှုန်အမွှားတွေကြောင့် ယားနာတွေပေါက်တာလို့ လယ်မရွာကနေ စစ်ရှောင်လာသူ အမျိုးသမီးတဦးက ပြောပါတယ်။
"လူကြီးတွေလည်း ပေါက်ကြတယ်။ သစ်ပင်ကြိုကြားနေရတာဆိုတော့ အမွှေးတွေနဲ့ ခူယားကောင်ပုံစံမျိုးတွေရှိတော့ ခန္ဓာကိုယ်တွေပေါ်ကျ၊ အင်္ကျီကြားတွေကျတာ။ အဲတော့ ကုတ်ရတယ်။ ကုတ်ရင်းနဲ့ ပွားလာတာ။ မိသားစုမှာဆို သုံးလေးယောက်ဖြစ်တယ်။ ကုပ်ပိုးတွေ၊ ကိုယ်လုံးတွေမှာ ပေါက်ကြတယ်။ "လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။
စစ်ရှောင်တွေမှာ ယားနာတွေပေါက်နေတာအပြင် ဝမ်းပျက်ဝမ်းလျှော၊ နှာစေး၊ ခေါင်းကိုက်၊ သွားဖုံးယောင်၊ ရာသီတုပ်ကွေးဖြစ်နေတာတွေလည်း ရှိနေတယ်လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေးထံက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းပိုင်းလောက်ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် လယ်မနဲ့ကျွဲခြံကျေးရွာက ဒေသခံပြည်သူ ၂,၀၀၀ ကျော်လောက်ဟာ တောတောင်၊ လယ်ကွင်းတွေထဲမှာ စစ်ရှောင်နေရပြီး ဒီဇင်ဘာ ၂၂ ရက်အထိ နေရပ်မပြန်ကြရသေးပါဘူး။
လယ်မနဲ့ ကျွဲခြံကျေးရွာဟာ စစ်ကောင်စီအထိုင်ချထားတဲ့ မယ်ဇလီနဲ့ ဆင်လူးကျေးရွာကြားထဲမှာ ရှိနေသလို လက်နက်ကြီးတွေ မကြာခဏပစ်လေ့ရှိနေတာကြောင့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
စစ်ရှောင်တွေဟာ တောတောင်ထဲမှာနေထိုင်ရပြီး အမိုးအကာမရှိတာ၊ ဖြစ်သလိုနေထိုင်နေကြရတာကြောင့် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေကအစ လိုအပ်ချက်တွေရှိနေပြီး အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာလည်း ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကပျူစောထီးနဲ့ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ လယ်မရွာနဲ့ကျွဲခြံရွာကို ဝင်ရောက်လာပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၁၇၉ လုံးမီးလောင်ပျက်စီးထားသေးတယ်လို့ မင်းဘူးခရိုင်ပကဖပြန်ကြားရေးထံက သိရပါတယ်။
ပုံစာ - ယားနာပေါက်နေကြတဲ့ ကလေးနဲ့ စစ်ရှောင်တချို့အား တွေ့ရစဉ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပွင့်ဖြူ #ခူကောင် #ယားနာ #စစ်ရှောင် #ကျန်းမာရေး
Share Share Share