ပွင့်ဖြူက ဒေသခံတွေကို ပျူစောထီးတွေက အသွားအလာကန့်သတ်၊ ဖုန်းတွေသိမ်းပြီး လုပ်အားပေးခိုင်း

ပွင့်ဖြူက ဒေသခံတွေကို ပျူစောထီးတွေက အသွားအလာကန့်သတ်၊ ဖုန်းတွေသိမ်းပြီး လုပ်အားပေးခိုင်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးရွာကဒေသခံတွေကို ပျူစောထီးတွေက အသွားအလာကန့်သတ်တာ၊ ဖုန်းသိမ်းတာတွေလုပ်ပြီး လုပ်အားပေးခိုင်းတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်ခန့်ကစတင်ပြီး တော်လှန်ရေးအဖွဲ့တွေက ဆင်လူးကျေးရွာကနေ ပျုစောထီးအဖွဲ့တွေ ရိက္ခာသယ်၊ လက်နက်ခဲယမ်းသယ်မရအောင် လမ်းတွေမှာ မိုင်းဆင်၊ အသွားအလာတွေပိတ်ဆို့လိုက်တဲ့အပေါ် ပျူစောထီးအဖွဲ့တွေကလည်း ကျေးရွာအတွင်းရှိ ပျူစောထီးမဟုတ်တဲ့ဒေသခံတွေကို ပြန်လည်တင်းကျပ်မှုတွေ လုပ်ဆောင်လာတာလို့ ဆိုပါတယ်။

"ရွာခံတွေကတော့ သွားလာဖို့၊ တယောက်နဲ့တယောက်ချိတ်ဆက်ဖို့ ခက်ကုန်တယ်။ လက်လုပ်လက်စားတွေ ကတော့ အများကြီးခက်ခဲပေါ့။ အစားအသောက်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ကုန်တာပေါ့။ ရွာက အများစုက တောင်သူလုပ်ကြတယ်။ ရွာထဲမှာတော့ အလုပ်လုပ်လို့ရတယ်။ ရွာပြင်ကျ ထွက်လို့မရဘူး။ လုံးဝမသွားရဘူး" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ဆင်လူးကျေးရွာက တောင်ပိုင်းမြောက်ပိုင်းခွဲထားပြီး အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ကျေးရွာဖြစ်ကာ သာမန်အခြေအနေမှာ ရွာခံတွေက ရွာအနီးတောတောင်ထဲကရတဲ့ သစ်၊ ဝါး၊ ထင်း၊ မီးသွေးတို့ကို ပွင့်ဖြူမြို့ပေါ်နေ့စဉ်သွားရောက်ရောင်းချကာ ဝမ်းစာအတွက် လုပ်ကိုင်စားသောက်နေကြရပေမယ့် ယခုအချိန်မှတော့ မရတော့ဘူးလို့ ဆိုပါတယ်။

ယခုလို ပျူစောထီးတွေက ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် သာမန်တနေ့လုပ်တနေ့စားတွေမှာ ဝမ်းရေးအတွက် အခက်ခဲဖြစ်လာကြတယ်လို့ သိရပါတယ်။

"ဆင်လူးမှာက ပျူစောထီးများတယ်။ ကျနော်တို့ဘက်က ပိတ်ဆို့လိုက်တဲ့အခါမှာ ရွာထဲမှာက ပြည်သူတွေရှိ သေးတယ်။ အဲ့ပြည်သူတွေကို ပျူတွေက မှတ်ပုံတင်၊ ဖုန်းသိမ်းထားတယ်။ နောက်တခုက လူသားဒိုင်းအနေနဲ့ သုံးနိုင်တယ်။ ပိတ်မိနေတဲ့ပြည်သူတွေကိုလည်း လုပ်အားပေးခိုင်းတာတွေ ရှိနေတယ်" လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။

ကျေးရွာထဲပိတ်မိနေတဲ့ ပြည်သူတွေအနေနဲ့ ကျေးရွာထဲဆက်မနေချင်ဘဲ အခြားဒေသတွေမှာ ပြောင်းရွှေ့နေထိုင်လိုပါက တော်လှန်ရေးအဖွဲ့တွေနဲ့ လာရောက်ချိတ်ဆက်နိုင်ပြီး ပြောင်းရွှေ့ဖို့ ကူညီပေးသွားမယ်လို့လည်း သူကဆက်ပြောပါတယ်။

ဆင်လူးရွာက ပျူစောထီးတွေ ဆင်လူး-မဲဇလီကျေးရွာလမ်း၊ ဆင်လူးကနေ ပုသိမ်-မုံရွာလမ်းပေါ်ကို တက်လာလို့ မရအောင် နည်းပေါင်းစုံသုံးပြီး လမ်းကြောင်းဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေက လမ်းကြောင်းပိတ်ဆို့မှု မလုပ်ခင်ကာလမှာ မဲဇလီကျေးရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ဆင်လူးရွာကပျူစောထီးအဖွဲ့ထံ ရိက္ခာ၊ ခဲယမ်းပို့တာတွေ၊ ဆင်လူးပျူစောထီးအဖွဲ့တွေက မဲဇလီကျေးရွာနဲ့ ပွင့်ဖြူမြို့ထိလာပြီး ရိက္ခာဝယ်တာ၊ ဒေသထွက်ကုန်တွေရောင်းချတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒေသခံတွေမှာတော့ တော်လှန်ရေးအဖွဲ့တွေရဲ့ လမ်းကြောင်းဖြတ်တောက်ပိတ်ဆို့ထားတာနဲ့ ပျူစောထီးအဖွဲ့တွေရဲ့ကန်သတ်ချုပ်ချယ်မှုတွေအကြား နှစ်ဖက်ကြားညပ်ပြီး ပိတ်မိနေတာလို့ ဆိုပါတယ်။

ဆင်လူးရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိနေပြီး ကျေးရွာအနီးမှာလည်း စခန်းတွေ အခိုင်အမာချထားသလို ကျေးရွာပတ်လည် မိုင်းတွေထောင်ထားတာလည်းရှိတယ်လို့ သိရပါတယ်။

တည်းဖြတ် - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပွင့်ဖြူမြို့ #ဆင်လူးရွာ #ပျူစောထီး #တော်လှန်ရေးအဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10