ပွင့်ဖြူနယ်က လောင်းကစားဝိုင်းပိုင်ရှင် ပျူခေါင်းဆောင်တဦး ပစ်သတ်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ပျူစောထီးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ လောင်းကစားဝိုင်းဒိုင်ပိုင်ရှင်လည်း ဖြစ်သူကို ဧပြီလ ၁၃ ရက် မွန်းလွဲ ၃ နာရီအချိန်မှာ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ Peacocks Brother Urban Guerilla မှ တပ်ရင်းမှူး အရှည်ကြီးက ‌ပြောပါတယ်။

သေဆုံးသူမှာ လက်ပနွယ်ရွာသား အသက် ၃၀ ကျော်အရွယ် ဦးအောင်နိုင်စိုးဖြစ်ပြီး သူရဲ့လောင်းကစားဝိုင်း ထောင်ထားတဲ့ ရှောက်တောကျေးရွာထဲက ဂျင်ဝိုင်းထဲမှာ လောင်းကစားပွဲကျင်းပနေချိန်အတွင်း သေနတ်နဲ့ ၄ ချက်ပစ်ကာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။


ပစ်ခတ်မှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ထဲမှာတော့ လောင်းကစားဝိုင်းကျင်းပနေတဲ့ လူအုပ်ကြီးအနားမှာ အနီးကပ်ပစ်ခတ်ခဲ့တာဖြစ်ပြီး သေနတ်သံထွက်ပေါ်လာပြီးနောက် လောင်းကစားလုပ်နေသူ လူအုပ်ကြီးလည်း ထွက်ပြေးသွားခဲ့ကြပါတယ်။

"သူ့ရဲ့ ဦးခေါင်းကို နှစ်ချက်၊ တင်ပါး တချက်၊ နံရိုး တချက်ပစ်ခတ်ခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ သူ ကျနော်တို့ကို ပြန်လည်ခုခံချိန်မရခဲ့ဘူး" လို့ သူကဆက်ပြောပါတယ်။

ဦးအောင်နိုင်စိုးကို အခုအကြိမ်ဟာ ဒုတိယအကြိမ် လုပ်ကြံခဲ့တာဖြစ်ပြီး အရင်က လုပ်ကြံပစ်ခတ်ခဲ့ရာမှာ ဒဏ်ရာရပြီး မကွေးဆေးရုံရောက်ခဲ့ကာ အသက်မသေခဲ့ဘူးလို့ ဆိုပါတယ်။

သေဆုံးသူဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးလည်းဖြစ်ပြီး စစ်ကောင်စီက သေနတ်ပေးကာ မွေးထားတဲ့ ပျုစောထီးခေါင်းတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့သတင်းပေးမှုတွေကြောင့် ‌ဒေသတွင်းမှာ အဖမ်းခံရတဲ့ တော်လှန်ရေးအင်အားစုတွေလည်း ရှိတယ်လို့ သိရပါတယ်။

အခင်ဖြစ်ပွားတဲ့နေ့က ဦးအောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ရှောက်တောကျေးရွာရဲ့ တောင်ဘက်မှာရှိတဲ့ မယ်ဇလီတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ယူဆောင်လာခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၁ ရက်နေ့မှာလည်း စစ်ကောင်စီထောက်တိုင် BG MICRO FINANCE ကုမ္ပဏီမှ ဝန်ထမ်းတွေကိုလည်း Peacocks Brother Urban Guerilla က စစ်ကောင်စီနဲ့ မပူပေါင်းဖို့အတွက် ဖမ်းဆီးသတိပေးခဲ့ပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10