ပွင့်ဖြူမြို့မရဲစခန်း၊ EPC ရုံးနဲ့ အခွန်ရုံးတွေကို PDF က တပြိုင်နက်တိုက်ခိုက်

ပွင့်ဖြူမြို့မရဲစခန်း၊ EPC ရုံးနဲ့ အခွန်ရုံးတွေကို PDF က တပြိုင်နက်တိုက်ခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့ မြို့မရဲစခန်း၊ လျှပ်စစ်ရုံးနဲ့ အခွန်ဦးစီးရုံးတို့ကို အောက်တိုဘာ ၁၅ ရက် မနေ့ မနက် ၈ နာရီခွဲဝန်းကျင်မှာ တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းက ပြောပါတယ်။

ဗိုလ်ချုပ်လမ်းရှိ မြို့မရဲစခန်းကို ၄၀ မမ  ဗုံးသီး ၂ လုံး၊ လျှပ်စစ်ရုံးကို ၄၀ မမဗုံးသီး ၄ လုံးပစ်ခတ်ခဲ့ပြီး အခွန်ဦးစီးမှူးရုံးကို လက်လုပ်မိုင်းနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့  ဆိုပါတယ်။

“အခွန်ရုံးမိုင်းထောင်တာကို  မြို့နယ်မှူးက ရဲ**တွေ ခေါ် ပြီးသွားကြည့်တဲ့အချိန်မှာ မိုင်းခွဲလိုက်တာနဲ့ တိုက်ဆိုင်သွားပြီးတော့ မြို့နယ်မှူးနဲ့ ရဲတွေထိခိုက်ဒဏ်ရာရပြီး အခွန်ရုံးပျက်စီးဆုံးရှုံးမှုရှိတယ်” လို့  မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

လျှပ်စစ်ရုံးတိုက်ခိုက်ခံရမှုမှာ ဝန်ထမ်းတွေထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခွန်ရုံးဗုံးကွဲမှုမှာလည်း ရုံးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကောင်းမွန်မုန့်တိုက် မှန်တွေကွဲကာ အရပ်သား ၂ ဦး မှန်ကွဲစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ EPCဝန်ထမ်း ၄ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ ကောင်းမွန်ဆိုင်မှန်တွေကွဲပြီး သားအမိ ၂ ယောက်လည်း ဒဏ်ရာရသွားတယ်” လို့ ပွင့်ဖြူမြို့ခံတဦးက ပြောပါတယ်။

တိုက်ခိုက်ခံရပြီး ပေါက်ကွဲမှုတွေဖြစ်ပွားပြီးတဲ့နောက် ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ပွင့်ဖြူမြို့အဝင်၊ အထွက်တွေမှာ တင်းကျပ်တဲ့ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ပွင့်ဖြူ #EPCရုံး #မြို့မရဲစခန်း #အခွန်ရုံး #တိုက်ခိုက်မှု #PDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10