ပွင့်ဖြူမှာ တောထဲထင်းခုတ်သွားတဲ့အမျိုးသမီး မိုင်းထပ်ထိ    ■ ၃ ရက်အတွင်း ပွင့်ဖြူနယ်ခံအမျိုးသမီး ၂ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့

ပွင့်ဖြူမှာ တောထဲထင်းခုတ်သွားတဲ့အမျိုးသမီး မိုင်းထပ်ထိ ■ ၃ ရက်အတွင်း ပွင့်ဖြူနယ်ခံအမျိုးသမီး ၂ ဦး မိုင်းထိပြီးဒဏ်ရာရခဲ့

 မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ထန်းတောကျေးရွာနဲ့ မဲဇလီကျေးရွာအကြားတောစပ်မှာ အမျိုးသမီး ၁ ဦး မိုင်းစထိမှန်ဒဏ်ရာရခဲ့တယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မိုင်းထိသူမှာ ကျွဲခြံကုန်းကျေးရွာနေ အသက် ၄၇ နှစ်အရွယ် ဒေါ်မုန်းတင်ဆိုသူဖြစ်ပြီး အောက်တိုဘာ ၄ ရက် မနက် ၁၁ နာရီကျော်မှာ အဆိုပါတောစပ်မှာ ထင်းခုတ်နေချိန် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

" ကန့်သတ်ထားတဲ့နယ်မြေကို သူကထင်းခွေလာတာ။ သူက ထင်းချောင်းကိုခုတ်ပြီး လွှင့်ပစ်လိုက်တာမှာ မိုင်းပေါ်ကျပြီး ပေါက်သွားတာ။ နည်းနည်းဝေးလို့ အစမှန်သွားတယ်။ နီးရင်တော့ ခြေ၊လက် ပြတ်လောက်တယ်။"လို့ မင်းဘူးခရိုင်ပြန်ကြားရေးတာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထိလို့ အမျိုးသမီးမှာ လက်နဲ့ရင်ဘတ်တွေမှာ မိုင်းအစမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး မဲဇလီဆေးရုံမှာ ဆေးကုသနေရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာ မဲဇလီ၊ လယ်မ၊ ခိုနမ်း၊ ကျွဲခြံကုန်းအပါအဝင် ကျေးရွာပေါင်း ၁၁ ရွာခန့်ကို ဒေသတွင်းမိုင်းရှိတတ်တဲ့နေရာတွေနဲ့ အသွားအလာကန့်သတ်ထားဖြစ်ပုံတွေကို အများပြည်သူသိအောင် အစည်းအဝေးခေါ်ယူပြီး ရှင်းလင်းအသိပေးထားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂ ရက် မနက်ပိုင်းကလည်း မဲဇလီကျေးရွာအနီးတောစပ်မှာ မှိုနှုတ်သွားတဲ့ အမျိုးသမီး ၁ ဦး မိုင်းထိလို့ဒဏ်ရာရခဲ့သေးတာကြောင့် အခုမိုင်းထိတဲ့ ကျွဲခြံကုန်းရွာခံအမျိုးသမီးဟာ ၁ ရက်သာခြားပြီး နောက်ထပ်မိုင်းထပ်ထိခဲ့တာပါ။

စက်တင်ဘာ ၂၂ ရက်ကလည်း ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာအနောက်ဘက် တောစပ်မှာ စစ်တပ်ထောင်တဲ့မိုင်းထိလို့ ထင်းခုတ်သွားတဲ့ အမျိုးသမီးငယ် ၁ ဦးဒဏ်ရာတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပွင့်ဖြူ #အရပ်သား #ထိခိုက်မှု #မြေမြုပ်မိုင်း #PDF #စစ်ကောင်စီတပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10