ပွေးကျစ်ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲ ၂ ဦးသေဆုံးပြီး သေနတ် ၁၀ လက်နဲ့ခဲယမ်းတွေရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ပွေးကျစ်နယ်မြေရဲစခန်းကို မေလ ၂ ရက် မနေ့နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ပွေးကျစ်နယ်မြေရဲစခန်းကို အချိန် ၄၅ မိနစ်ကြာ စီးနင်းတိုက်ခိုက်ခဲ့ရပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ဦးအပါ ၂ ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီး ၁ ဦး ဒဏ်ရာပြင်းထန်ရရှိပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ သူတို့အင်အားကတော့ စကောက်သတင်းပေးချက်အရ အစကတော့ စခန်းမှာ ၁၃ ယောက်ရှိတာ။ ၈ ယောက်က တရာရုံးကိုသွားတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်ကဘာမှ ပြန်လည်ခု ခံနိုင်ခြင်းမရှိဘူးပေါ့။ ** ၂ ကောင်သေပြီး တပ်ကြပ်ကြီးက ဒဏ်ရာရတယ်၊ ၂ ယောက်ကတော့ ထွက်ပြေးသွားတယ်” လို့ ပြောပါတယ်။

ပွေးကျစ်ရဲစခန်းစီးနင်းတိုက်ခိုက်ပြီးနောက် လက်နက်တိုက်ကိုဖွင့်ကာ BA 64(G-4) ၁ လက် ၊ BA 63( G-3 ) ၂လက် ၊ BA 94(အူစီ) ၁ လက်၊ ခြောက်လုံးပြူး ၄ လက်၊ ပစ္စတို ၂လက်၊ လက်ပစ်ဗုံး ၈ လုံး၊ ရုံးသုံး Laptop ၁ လုံး၊ ကျင်စက် ၂ ခု၊ လက်ထိတ် ၁ ခု နဲ့ ကျည်မျိုးစုံ ၉၃၅ တောင့်သိမ်းဆည်းနိုင်ခဲ့သလို လက်နက်တိုက်ကိုလည်း မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၃ ၊ Bagan Ogre Force ၊ ညောင်ဦးခရိုင်တပ်ရင်း-5 ၊ ဒီပဲယင်းPDF ၊ ကျောက်ပန်းတောင်းPDF နှင့် Burmese Guerrilla Force -BGF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၂၉ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ငါ့သရောက်နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စီးနင်းတိုက်ခိုက်ခဲ့လို့ စခန်းမှူးအပါ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

တည်းဖြတ် - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10