ပ ၃ လုံးနဲ့ တော်လှန်ရေးလမ်းကြောင်းကနေ သွေဖည်နေတဲ့ တာဝန်ခံတွေကို ပြုပြင်ဖြေရှင်းဖို့ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ပြော

ပ ၃ လုံးနဲ့ တော်လှန်ရေးလမ်းကြောင်းကနေ သွေဖည်နေတဲ့ တာဝန်ခံတွေကို ပြုပြင်ဖြေရှင်းဖို့ ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်ပြော

လူထုနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရတဲ့ ပ ၃ လုံးအဖွဲ့တွေအနေနဲ့ လူထုယုံကြည်မှုရဖို့၊ ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးပြီး ပ ၃ လုံးယန္တရားကို ပြုပြင်ပြောင်းလဲရာမှာလည်း မနှောင့်နှေးဖို့နဲ့ အလုပ်ဖြစ်ရုံလောက်ပဲ ပြုပြင်ပြောင်းလဲတာမျိုး မလုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ၂/၂၀၂၅ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ပ ၃ လုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါ့ကြောင့် ပ ၃ လုံး ယန္တရားဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေ တော်တည့်ဖြောင့်မတ်ရေးဟာ အင်မတန်အရေးကြီးတယ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ဟာ ပ ၃ လုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာမှာ လက်လည်းမနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ဆိုတာထက်လည်း ပိုသင့်တယ်လို့ ထင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် မဟာမိတ်အင်အားစုတွေထဲက ဦးဆောင်နိုင်စွမ်းရှိသူတွေ၊ ထက်မြက်သူတွေကို အစိုးရအဖွဲ့ထဲမှာ အင်အားသစ်တခုအနေနဲ့  ဖြည့်ဆည်းပြီး ပိုကျယ်ပြန့်တဲ့ တော်လှန်ရေး လုပ်ငန်းစဥ်တွေ အကောင်အထည်ဖော်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အစိုးရရဲ့ ကဏ္ဍပေါင်းစုံထဲကမှ အုပ်ချုပ်ရေးကဏ္ဍနဲ့ အခွန်ဘဏ္ဍာဆိုင်ရာကဏ္ဍမှာ အသံတွေထွက်ပေါ်နေသလို   တော်လှန်ရေး လမ်းကြောင်းပေါ်ကနေ သွေဖည်နေတဲ့ မြို့နယ်တချို့က တာဝန်ရှိသူတွေကိုလည်း  ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အဆိုပါ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

“ဘယ်ကဏ္ဍမှာ ပြဿနာတွေ၊ အခက်အခဲတွေ ရှိနေသလဲ၊ ဘယ်ကဏ္ဍကို ဦးစားပေးဖြေရှင်းကြမလဲ ဆိုတာကိုတော့ အားစိုက်ဆောင်ရွက်ကြဖို့ လိုပါတယ်။ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန်ဘဏ္ဍာဆိုင်ရာကဏ္ဍတွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ တော်လှန်ရေးလမ်းကြောင်းကို သွေဖည်လာတာမျိုးတွေလည်း ရှိတာမို့ တင်းတင်းကြပ်ကြပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြားရင်း နိဂုံးချုပ်ပါတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူကို မျက်နှာမမူတဲ့ လုပ်ရပ်တွေ၊ ဥပဒေချိုးဖောက်တာတွေ၊ တော်လှန်ရေးထက် မိမိအကျိုးစီးပွားပဲ ကြည့်သူတွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေပြီး အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း ပြင်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ နှစ်သစ်မိန့်ခွန်း ပြောခဲ့ပါသေးတယ်။

#မြေလတ်အသံ 

#NUG #သမ္မတ #ဝန်ကြီးချုပ် #အစည်းအဝေး #ပ၃လုံး #ပြုပြင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10