သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးမြို့အခြေစိုက် ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တွေနဲ့ အသင်းဥက္ကဌမိသားစုဝင်တွေကို စစ်ကောင်စီတပ်ကဖမ်းဆီးသွားပြီး ၁ ပတ်ကျော်ကြာ နိုဝင်ဘာ ၁ ရက် ယမန်နေ့အထိ ပြန်မလွတ်သေးဘဲ အဆက်သွယ်ပြတ်တောက်နေတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခန့်မှာ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရပ်ကွက်ရှိ ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်းရုံးကို စစ်ကောင်စီတပ်က အရပ်ဝတ်အိမ်စီးကားတွေနဲ့ဝင်ရောက်စီးနင်းကာ အသင်းသားတွေကို ဖမ်းဆီးသွားပြီးနောက် အသင်းဥက္ကဌ ဦးခင်မောင်တင့်နဲ့မိသားစုဝင်တွေကိုလည်း နေအိမ်မှာ ဖမ်းဆီးသွားခဲ့ရာ ဖမ်းဆီးခံရသူ ၁၅ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
"သူတို့က မန္တလေးမှာရှိတယ်ဆိုပြီး ပြောကြလို့ မန္တလေးနန်းတွင်းမှာသွားတွေ့ဖို့သွားကြတယ်။ အဝင်မခံဘူး။ ကျနော်တို့သတင်းရထားတာက နေပြည်တော်မှာလို့ သိရတယ်။"လို့ အသင်းနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
အသင်းသားတွေရဲ့မိသားစုဝင်တွေအနေနဲ့ နီးစပ်ရာရဲစခန်းတွေမှာ သွားရောက်စုံစမ်းမေးမြန်းပေမယ့် ဖမ်းဆီးချုပ်နှောင်ထားတဲ့နေရာကိုလည်း မသိရဘဲ ဖမ်းဆီးခံရချိန်ကတည်းက အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
အသင်းဥက္ကဌနဲ့အသင်းဝင်တွေ ဖမ်းဆီးခံထားရလို့ လတ်တလောမှာ “ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း” ရုံးကိုလည်းပိတ်ထားရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရမှုဟာ ကွယ်လွန်သွားတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို အသင်းဥက္ကဌ ဦးခင်မောင်တင့်နဲ့အသင်းသားတွေက အသင်းကားတွေနဲ့အတူ လိုက်ပါကူညီပို့ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတာဖြစ်နိုင််တယ်လို့ အသင်းနဲ့နီးစပ်သူတွေက သုံးသပ်ကြပါတယ်။
စစ်ကောင်စီထောက်ခံရေးသားနေတဲ့တယ်လီဂရမ်တွေမှာတော့ ပရဟိမင်းခေါင်အဖွဲ့ကိုဖမ်းဆီးတာဟာ ဒေါက်တာဇော်မြင့်မောင်နာရေး လိုက်ပါပို့ဆောင်တာကြောင့်မဟုတ်ဘဲ အသင်းဥက္ကဌနဲ့အသင်းဝင်အချို့ က PDF တွေနဲ့ ဆက်သွယ်မှုရှိတာကြောင့် ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။
ပရဟိတမင်းခေါင်အသင်းဥက္ကဌမိသားစုနဲ့ အသင်းအဖွဲ့ဝင်တွေ ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဦးခင်မောင်တင့်ဟာ မန္တလေးပရဟိတမင်းခေါင်အသင်းဥက္ကဌတဦးဖြစ်သလို “ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်း (အထက်မြန်မာပြည်)” ရဲ့ ဥက္ကဌလည်းဖြစ်ကာ အထက်မြန်မာပြည်မှာ မကွေး၊ စစ်ကိုင်းက ပရဟိတမင်းခေါင်လူမှုကူညီရေးအသင်းအဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #ပရဟိတမင်းခေါင် #ဥက္ကဌ #အသင်းသား #ဖမ်းဆီး
Share Share Share