ဖမ်းဆီးခံ ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ဦးဗန့်ဂျီကို သေဆုံးလျှက်ပြန်တွေ့

ဖမ်းဆီးခံ ဆားလင်းကြီး ပအဖ အဖွဲ့ဝင် ဦးဗန့်ဂျီကို သေဆုံးလျှက်ပြန်တွေ့

စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံထားရတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီ ကို ဇွန်လ ၁၁ ရက် ဒီမနက် ၈ နာရီလောက်မှာ သေဆုံးလျှက် ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
 
အသက် ၄၀ ကျော်အရွယ်ရှိ ဦးဗန့်ဂျီရဲ့အလောင်းကို စစ်ကောင်စီတပ်စွဲနေတဲ့ ညောင်ပင်ကြီး ကျေးရွာအနီးက ထန်တောဆိပ်သစ်ကွင်းထဲမှာ တွေ့ရှိခဲ့ရတာလို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
"ကိုဗန့်ဂျီ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေတော်တော်တွေ့ရတယ်။ ကျောကုန်းတွေ၊ ဦးခေါင်းတွေမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေပါတယ်။ ရင်ဘက်တွေမှာ ဓားထိုးဒဏ်ရာတွေ တွေ့ရတယ်ဗျ။ စကစတွေက မနေ့(ဇွန်၁၀)က သတ်ပြီးတော့ အလောင်းလာပစ်သွားတာလို့ ထင်တယ်" လို့ ဆိုပါတယ်။
 
 
လက်ရှိမှာ ဦးဗန့်ဂျီရဲ့ရုပ်အလောင်းကို စစ်ကောင်စီတပ်စွဲတဲ့နေရာတွေနဲ့ အဝေးတနေရာမှာ မီးသင်္ဂြိုလ်ပေးလိုက်ပြီလို့ သူကဆက်ပြောပါတယ်။
 
ဦးဗန့်ဂျီဟာ နောက်ထပ်အဖွဲ့ဝင် ၃ ဦးနဲ့အတူ မေလ ၃၁ ရက်နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီ စစ်ကြောင်းတခုကို ကင်းထောက်ရင်း ညောင်ပင်ကြီးကျေးရွာအနီးမှာ မုံရွာဘက်ကနေ ဝမ်ပေါင်ကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ဖမ်းဆီး ခံလိုက်ရတာဖြစ်ပါတယ်။
 
ဖမ်းဆီးခံရပြီးနောက် ဦးဗန့်ဂျီကို ဇွန်လ ၃ ရက်နေ့လယ် ၁ နာရီကျော်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နောင်အိုင်ကြီးရဲစခန်းကနေ မုံရွာမြို့က စစ်ကြောရေးတနေရာကို ပို့ဆောင်လိုက်ပြီး ၈ ရက်အကြာမှာ အခုလိုသေဆုံးလျှက် ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10