ဖမ်းဆီးထားတဲ့ သတင်းသမားတွေ ပြန်လွှတ်ဖို့ IPCM တောင်းဆို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်

ဖမ်းဆီးထားတဲ့ သတင်းသမားတွေ ပြန်လွှတ်ဖို့ IPCM တောင်းဆို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က တောင်းဆိုလိုက်ပြီး မီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမယ်လို့ IPCM ရဲ့ ဥက္ကဌ နန်းဖော့ဂေ က မြေလတ်အသံ ကိုပြောပါတယ်။

ယနေ့ ဇန်နဝါရီ ၁၀ ရက်မှာ ထုတ်ပြန်လိုက်တဲ့ IPCM ရဲ့ ကြေညာချက်မှာ တောင်းဆိုထားတာဖြစ်ပြီး စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတာကို ခံထားရဆဲဖြစ်တဲ့ သတင်းသမားတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ 

"သတင်းသမားတွေဟာ အများပြည်သူအတွက် သတင်းတွေရယူဖော်ပြနေတာမို့ ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်လို မဖမ်းဆီးသင့်ပါဘူး။ ဒီအတွက် လွတ်လပ်တဲ့ မြန်မာသတင်းဌာနတွေက သတင်းသမားတွေ အခွင့်အရေးကာကွယ်ဖို့ မီဒီယာလွတ်လပ်ခွင့်အတွက် ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" လို့ ဥက္ကဌ နန်းဖော့ဂေ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းလုပ်ဆောင်ခဲ့ရာမှာ သတင်းသမား ၃ ဦးဖြစ်တဲ့ ကိုကောင်းဆက်လင်း (MPA)၊ ကိုထွန်းသန်းအောင်နဲ့ ကိုတိုးအောင် (မဲခေါင်သတင်းဌာန၊ သတင်းထောက်ဟောင်း)တို့ လွတ်မြောက်ခဲ့ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး ဖမ်းဆီးထိန်းသိမ်း ထောင်ချခံခဲ့ရသူ သတင်းသမား စုစုပေါင်း (၁၇၀) ဦး အနက် (၁၁၈) ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန်သတင်းသမား (၅၂)ဦးမှာ နိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှာ ထောင်ဒဏ်ကျခံနေရတယ်လို့ IPCM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"IPCM အနေနဲ့ကလည်း သတင်းသမားတွေကို စစ်ကောင်စီဖြစ်စေ၊ မည်သည့်အစုအဖွဲ့ကဖြစ်စေ ဘောင်မဝင်တဲ့ ဥပဒေပုဒ်မတွေနဲ့ တရားစွဲတာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေကို စောင့်ကြည့်ပြီး မတူတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ညှိနှိုင်း ကာကွယ်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် မီဒီယာကျင့်ဝတ်နဲ့အညီ လုပ်ဆောင်နေတဲ့ သတင်းသမားတွေကို အဓိကထားပြောခြင်း ဖြစ်ပါတယ်။" လို့ ဥက္ကဌနန်းဖော့ဂေ က ဆက်ပြောပါတယ်။

IPCM ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ၃၇ ဖွဲ့နဲ့ တသီးပုဂ္ဂလ သတင်းမီဒီယာသမားများ အပါအဝင် စုစုပေါင်း ညီလာခံတက်ရောက်သူ ၇၇ ဦးဖြင့် ထိုင်းနိုင်ငံတနေရာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

#လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ #IPCM #သတင်းမီဒီယာလွတ်လပ်ခွင့် #နိုင်ကျဉ်း #press #freedom #media #စစ်ကောင်စီ #နွေဦးတော်လှန်ရေး #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10