ဖမ်းဆီးထောင်ချခံထားရတဲ့ ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သေဆုံး

ဖမ်းဆီးထောင်ချခံထားရတဲ့ ဝေါမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သေဆုံး

စစ်ကောင်စီကဖမ်းဆီးပြီး ကျိုက်စကောအကျဥ်းထောင်မှာ ထောင်ချခံထားရတဲ့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ ၇၂ နှစ်ဟာ သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဦးမောင်ဒီဟာ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းမှာ ပဲခူးဆေးရုံမှာ အူမကြီးကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူနေရင်းကနေ သေဆုံးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူကို စကစက ထောင်ချထားပြီးတော့ ရောဂါဖြစ်လို့ ဆေးရုံတက်ကုသနေရာကနေ ညက ဆုံးသွားတယ်။ သူဆေးရုံတက်နေရချိန် သူမိသားစုက သွားတွေ့ခွင့်ရတယ်လို့တော့ သိရတယ်။"လို့ ဦးမောင်ဒီ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဦးမောင်ဒီရဲ့ နာရေးကိုတော့ ဇူလိုင်လ ၁၈ ရက် နေ့လယ် ၂ နာရီမှာ စစ်ကောင်စီထောင်ရဲ့ အစီအစဥ်နဲ့ ပြုလုပ်ပြီး သင်္ဂြိုလ်လိုက်တယ်လို့ ဆိုပါတယ်။

ဦးမောင်ဒီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး။ ဝေါမြို့နယ်အမှတ် ၁ မဲဆန္ဒနယ်မြေကနေ NLD ပါတီကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့ရာက အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ ဦးမောင်ဒီ ဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက KNLA တပ်မဟာ ၁ နယ်​မြေတခုမှာ တိမ်းရှောင်နေပြီး တော်လှန်ရေးလုပ်ငန်းတွေ လုပ်နေချိန် ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာကို ခံရပြီးနောက် ဦးမောင်ဒီကို ၅၀၅၊ ၁၇(၂)၊ အကြမ်းဖက် ဥပဒေပုဒ်မ ၅၁၊ ၅၂ တွေအပါအဝင် ပုဒ်မ ၅ ခုလောက်နဲ့ တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ဦးမောင်ဒီကို ၅၀၅ ပုဒ်မနဲ့ ထောင် ၃ နှစ်ချပြီး ကျိုက်စကော အကျဥ်းထောင်ကိုပို့ထားကာ နောက်အမှုတွေကို ရင်ဆိုင်နေရချိန်မှာ ​သေဆုံးခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

 #ပဲခူးတိုင်း #ဝေါမြို့နယ် #NLD #လွှတ်တော်ကိုယ်စားလှယ် #ကျန်းမာရေး #သေဆုံးမှု #အကျဉ်းထောင် #ဖမ်းဆီးထိန်းသိမ်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10