ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား

ဖမ်းဆီးမှုနဲ့ အစစ်ဆေးများတာကြောင့် အုတ်တွင်းကပရဟိတအသင်းအများစု ညဘက်ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်နားထား

■ ဘော်လန်တီယာတွေအတွက် အသင်းဘက်က လုံခြုံရေးအာမခံချက်ပေးမှ ခေါ်ယူလို့ရတယ်လို့ ဆို

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်းမှာ ညဘက်ထွက်သူတွေကို စစ်မှုထမ်းအကြောင်းပြ ဖမ်းဆီးတာ၊ စစ်ဆေးမှုတင်းကျပ်တာတွေကြောင့် ပရဟိတအဖွဲ့အများစု ညဘက်ကူညီရေးလုပ်ငန်းတွေ ရပ်နားထားတယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကစပြီး အုတ်တွင်းမြို့နယ်ထဲမှာ နေအိမ်တွေအထိဝင်ရောက်ပြီး စစ်မှုထမ်းဖို့ဖမ်းဆီးတာ၊ ညပိုင်းလမ်းသွားလမ်းလာတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာကြောင့် အခုလိုညဘက်ကူညီရေးရပ်နားထားတာလို့ ဆိုပါတယ်။

" စစ်မှုထမ်းကြောက်တာတခု၊ ခပေါင်းတံတားမှာ အစစ်ဆေးပေါ့၊ အချို့ကျတော့ သဘောကောင်းတာရှိတယ်။ အချို့ကျတော့လူနာပါတာတောင် ရစ်တာတွေရှိလို့ ညဆိုမထွက်ကြတော့ဘူး။"လို့ ဒေသပရဟိတအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ညပိုင်းမှာ ကျေးရွာနဲ့မြို့တွေဘက်က ပရဟိတအသင်းကားတွေက မထွက်ကြတော့လို့ ညပိုင်းကျန်းမာရေးကိစ္စအရေးပေါ်သူတွေအတွက် ဆေးရုံ၊ဆေးခန်းသွားဖို့ အခက်အခဲဖြစ်ရတယ်လို့ ဆိုပါတယ်။

အုတ်တွင်းမြို့နယ်မှာ ပရဟိတအသင်း ၂၅ သင်းလောက်ရှိပေမယ့် လက်ရှိမှာ ညပိုင်းကူညီပေးတာကို မြို့တွင်းအသင်း ၅ ခုလောက်ကသာ လုပ်ဆောင်ပေးနေပြီး အခြားအသင်းတွေကတော့ ညပိုင်းကူညီမှုမရှိသလောက်ဖြစ်သွားတယ်လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ညပိုင်းကူညီရေးလုပ်ငန်းတွေရှိလာပါကလည်း ဘော်လန်တီယာ(မိမိဆန္ဒဖြင့် လုပ်အားပေးသူ) လူငယ်တွေကို ယခင်ကလို အလွယ်တကူခေါ်ယူလို့မရတော့ဘဲ အသင်းအုပ်ချုပ်သူတွေဘက်က ၎င်းလူငယ်တွေအတွက် လုံခြုံရေးအာမခံချက်ပေးခေါ်ယူမှသာ ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်လို့ရတဲ့အခြေအနေအထိရှိနေတယ်လို့ ကူညီရေးအဖွဲ့ဝင်တွေက ဆိုပါတယ်။

အုတ်တွင်းမြို့တွင်း လူဖမ်းဆီးမှုတွေကို ကျွဲပွဲမြို့အုပ်ချုပ်ရေးမှူး အေးခိုင်၊ မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး အောင်ကို၊ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူး မြင့်ဇော်၊ ဦးတင်ယုတို့က ဦးဆောင်ပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၎င်းတို့ထံမှာ ဖမ်းဆီးခံရပါက ငွေကျပ်သိန်း ၅၀ ကနေ ၁၀၀ ကြား အထိတောင်းခံတာတွေရှိနေပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းဖို့ ပို့ဆောင်တာတွေ ပြုလုပ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၉ ရက်ကလည်း  မြောင်ဦးကြီးကျေးရွာမှာ စစ်ကောင်စီနဲ့ရဲအဖွဲ့တွေက လူငယ် ၃ ဦးကို နေအိမ်မှာ အတင်းအကျပ်ဝင်ဖမ်းပြီး စစ်သင်တန်းကျောင်းပို့ချခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - အုတ်တွင်းမြို့နယ်အခြေစိုက် ပရဟိတအသင်းတခု ညဘက်ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်။ (ပုံဟောင်း)။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ပရဟိတ #လုံခြုံရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10