ဖမ်းမိတဲ့သစ်တွေကို ပအဖက လေလံတင်ပြီး သစ်ကုန်သည်တွေဆီကို ပြန်ရောင်း

ဖမ်းမိတဲ့သစ်တွေကို ပအဖက လေလံတင်ပြီး သစ်ကုန်သည်တွေဆီကို ပြန်ရောင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဖမ်းဆီးရမိထားတဲ့သစ်တွေကို မြို့နယ်ပအဖအဖွဲ့အစည်းတွေက အဆိုပါသစ်ပိုင်ရှင်တွေဆီကိုပဲ လေလံတင် ပြန်ရောင်းချနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇန်နဝါရီ ၃ ရက်က ပြည်ပတင်ပို့မယ့် ကျွန်းသစ်အမျိုးအစားအပါအဝင် သစ်တုံး ၁၅၀၊ နဲ့ ပျဉ် ၉ တန်ကို အင်းတော်နဲ့ ဗန်းမောက်နယ်စပ်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါသစ်တွေကို ဇန်နဝါရီ ဒုတိယပတ်မှာ လေလံတင်ရောင်းချခဲ့ပြီး သစ်တုံး ၁၅၀ ကို သိန်း ၁၀၀၊ ပျဉ် ၉ တန်ကို သိန်း ၁၇၀ ကျော်နဲ့ သိမ်းဆည်းခံခဲ့ရတဲ့ သစ်ပိုင်ရှင်တွေကပဲ ပြန်ဝယ်သွားတယ်လို့ ဆိုပါတယ်။

“လေလံဆွဲမယ်ဆိုတာ စကားလှလေးပဲ သုံးလိုက်တာပါ၊ သစ်ကိုဖမ်းတယ် ပိုက်ဆံနဲ့ ပြန်ရွေးဆိုတဲ့ သဘောပါပဲ၊ သစ်သမားတွေလုပ်နေတာကြာပြီ မဖမ်းဘူး၊ ခုမှရုတ်တရက်ကြီး ကောက်ဖမ်းတာ၊ ရပ်ကျေးတွေနဲ့ ပြဿနာဖြစ်လို့လားမသိ၊ လေလံဆိုတာက လူကြားကောင်းအောင်ပဲပြောတာပါ၊ တကယ်က ပိုင်ရှင်ကိုပဲ ပြန်ရောင်းစားတာ။”လို့ အင်းတော်ဒေသခံတဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်းတော်မြို့နယ် ပအဖတာဝန်ခံအဖြစ်ကနေ ဆိုင်းငံ့ခံထားရတဲ့ ဦးရွှေရကတော့ အခုလိုလုပ်ဆောင်တာဟာ အမျိုးသားညီညွတ်ရေးအစိုးရ - NUG ရဲ့ သယံဇာတဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာဖြစ်ပြီး ဒဏ်ကြေးမဆောင်ရင် လေလံတင်ရောင်းချခွင့်ရှိတယ်လို့ ပြောပါတယ်။ 

“ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လုပ်တာပါ။ ဘယ်သူ့ကိုမှ သစ်ခုတ်ခွင့်လည်း မပေးထားပါဘူး။ သစ်စက် လည်ခွင့်လည်း မပေးထားပါဘူး၊ မြေပြင်မှာ ဖမ်းဆီးရမိတယ်ဆို ၁ တန်ကို ဘယ်လောက်နှုန်းဆိုတာနဲ့ ဒဏ်ကြေးဆောင်ပြီး ဖြတ်သန်းခွင့်ပေးတာပေါ့၊ ဒဏ်ကြေးမဆောင်ရင် ဒီသစ်ကိုဖမ်းပြီး လေလံတင် ရောင်းချခွင့်ရတယ်။”လို့ ဦးရွှေရက ပြောပါတယ်။

အခုလို ဖမ်းဆီးကာ လေလံတင်ရောင်းချတာတွေကို မြို့နယ်ပအဖတာာဝန်ရှိသူတွေနဲ့ သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေက လုပ်ဆောင်တာဖြစ်ပြီး လေလံတင်ရောင်းချမှုမှာပါဝင်တဲ့ တာဝန်ရှိသူတချို့ဟာ ရာထူးကနေ ဆိုင်းငံ့ခံထားရသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၅ ရက်မှာ အင်းတော်မြို့၊ မြို့နယ်ပအဖတာဝန်ခံ ဦးရွှေရ၊ မြို့နယ်ပကဖတာဝန်ခံ ဦးမှိုင်းဝေ၊ သယံဇာတစီမံအုပ်ချုပ်မှုတာဝန်ခံ ဦးအေးချမ်းမောင်၊ လျှပ်စစ်နဲ့စွမ်းအင် တာဝန်ခံ ဦးမင်းထင်၊ ဘဏ္ဍာရေးတာဝန်ခံ ဦးမောင်ဘိုတို့ ၅ ဦးကို NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီက ရာထူးကနေ ဆိုင်းငံ့ထားကြောင်း စာထုတ်ထားတာလည်း ဖြစ်ပါတယ်။ 

ဒေသခံတွေကတော့ လက်ရှိလုပ်နေတဲ့ သစ်ခုတ်လုပ်ငန်းခွင်တွေဟာ ပအဖရုံးနဲ့ နီးစပ်တဲ့ နေရာအနီးတွေမှာတင် လုပ်ဆောင်နေကြတာဖြစ်ပြီး တာဝန်ရှိသူတွေက မသိချင်ယောင်ဆောင်ထားတာ ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

အင်းတော်ဒေသမှာ သစ်ခုတ်ယူခွင့်မပေးထားပေမယ့် ပြင်းထန်တဲ့အရေးယူမှုတွေ မရှိသလို ဒဏ်ကြေးအနေနဲ့ သစ် ၁ တန်ကို ၁၃ သိန်းနဲ့ပေးဆောင်ကာ ဖြတ်သန်းလို့ရပြီး တရုတ်ပြည်တွင်းကို တင်ပို့ရောင်းချချိန် သစ် ၁ တန်ကို သိန်း ၅၀ အထက်မှာ ရနေတဲ့အတွက် တရားမဝင် သစ်ထုတ်လုပ်မှုတွေ အခုချိန်ထိ ကျယ်ပြန့်နေတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - လေလံတင်ရောင်းချခဲ့သည့် ဖမ်းဆီးရမိ သစ်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော် #သစ်ခိုးထုတ် #လေလံတင် #ရောင်းချ #သစ်ဖမ်းဆီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10