ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ

ဖမ်းလာတဲ့လူငယ် ၂ ဦးကို စစ်တပ်ကသတ်ပြီး ဒရုန်းနဲ့ပါဗုံးကြဲလို့ PDF ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ်ကဒရုန်းနဲ့ဗုံးချလို့ PDF ၃ ဦးဒဏ်ရာရပြီး စစ်ကြောင်းနဲ့ ဖမ်းလာတဲ့ လူငယ် ၂ ဦးလည်း သတ်ခဲ့တယ်လို့ လက်ပံတန်းမြို့နယ်ပကဖဆီက သိရပါတယ်။

မေလ ၁၂ ရက်မှာ အုတ်ဖိုမြို့ဘက်ကနေ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စီတုံးကျေးရွာအရောက်မှာ ဖမ်းဆီးလာတဲ့ အသက် ၂၀ အရွယ်လူငယ် ၂ ဦးကို ပစ်သတ်ခဲ့ပြီး မေလ ၁၃ ရက်မနက် ၃ နာရီမှာ ထန်းတောရွာဘက်မှာ တော်လှန်ရေးရဲဘော်အချို့ရှိနေချိန် ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေတဲ့ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ 

"သူတို့ဖမ်းလာတဲ့ ကလေးနှစ်ယောက်ကို စီတုံးရွာမှာ ပစ်သတ်ပြီးနောက် ရဲဘော်တွေရှိတဲ့နေရာကို ဗုံးချတာ။ ရဲဘော်တွေကတော့ မစိုးရိမ်ရဒဏ်ရာတွေပဲရပါတယ်။ လက်ရှိကတော့ အဲ့စစ်ကြောင်းက ထန်းတောမှာရှိနေတယ်"လို့ လက်ပံတန်းမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဘက်က ဒရုန်းဗုံးချတိုက်ခိုက်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးနဲ့ ဂဠုန်တပ်ဖွဲ့ သာယာဝတီက ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အသတ်ခံလိုက်ရတဲ့ လူငယ်နှစ်ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မသိရသေးဘဲ PDF တွေတော့ မဟုတ်ဘူးလို့ လက်ပံတန်းမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

အခုတခေါက်လက်ပံတန်းမြို့နယ်ထဲကို ဝင်ရောက်လာတဲ့စစ်ကြောင်းဟာ လမ်းမှာတွေ့တဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုဝင်လာတာတွေရှိနေလို့ ဒေသခံကာကွယ်ရေး အဖွဲ့တွေအနေနဲ့ မိုင်းဆွဲတိုက်ခိုက်ဖို့အခက်ခဲတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

မေလ ၁၀ ရက်ကလည်း လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့တွေ မိုင်းဆွဲခံရပြီးနောက်ပစ်ခတ်ခံရပြီး ၁၀ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #စီတုံး #ထန်းတော #စစ်ကောင်စီ #ဒရုန်းချ #လူငယ်အမျိုးသား #သတ်ဖြတ် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10