သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီအမြောက်တပ်ကနေပစ်ခတ်နေတဲ့ မစ်ဇိုင်းဒုံးအစတွေက ကလေးမြို့ပေါ် ရပ်ကွက်တွေပေါ် ကျရောက်တာတွေရှိနေတဲ့အတွက် ဒေသခံတွေစိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၉ ရက် နေ့လယ် ၁၁ နာရီခွဲကစပြီး ကလေးမြို့အမြောက်တပ်ကနေ မစ်ဇိုင်းဒုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်ကလည်း တနေ့တည်း ၅ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အနောက်တောင်ဘက်ကို ပစ်တာ၊ အဲ့လမ်းကြောင်းအောက်က ရပ်ကွက်တွေကိုကျတာ။ အလုံးတိုင်းရဲ့ အစတွေကျတယ်။ တပ်ဦးသီတာရပ်ကွက် အများဆုံးကျတ။ (ရပ်ကွက်ထဲက) အိမ်ဝန်းထဲ ၂ နေရာကျတာ၊ ခြံစည်းရိုးပေါ်ကျလို့ ကံကောင်း။ တလုံးက တော်တော်ကြီးတယ်၊ အတိအကျ ၅ ပေ ၉လက်မ ရှိတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။
အမြောက်တပ်က ပစ်ခတ်ရာလမ်းကြောင်းတလျှောက်ရှိ စံပြ၊ တပ်ဦးသီတာ၊ တောင်ဇလပ်၊ မွန်ထာ၊ ရှားတော၊ စီးစံ စတဲ့ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေထဲကို မစ်ဇိုင်းဒုံးအစတွေ ပြုတ်ကျနေတာဖြစ်ပြီး ထိခိုက်ပျက်စီးမှုတွေတော့ ကြီးကြီးမားမားမရှိသေးဘူးလို့ သိရပါတယ်။
အဆိုပါ အစအနတွေ ပြုတ်ကျလာတဲ့အရှိန်ဟာ နေအိမ်အမိုးပေါက်တဲ့ထိ အရှိန်ပြင်းတာကြောင့် သတိပြုသင့်သလို မီးလောင်လွယ်တဲ့အတွက်လည်း ကျရောက်တဲ့ရပ်ကွက်တွေမှာ မီးအန္တရာယ် သတိပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“အဲ့ကျတဲ့ အခွံအပိုင်းအစက မကွဲဘူး။ ဒါပေမယ့် အိမ်တွေ ကြမ်းတွေတောင် ပေါက်ထွက်တာ၊ ခေါင်းပေါ်ကျရင် ပြတ်ထွက်ကြေမွပြီး သေမှာပဲ။ မစ်ဇိုင်းပစ်ခတ်ချိန် အမှုမဲ့မနေဘဲ အကာကွယ်ရှိတဲ့ နေရာတွေမှာ နေကြပါ။”လို့ တော်လှန်ရေးအသိုင်းဝိုင်းနဲ့ နီးစပ်တဲ့ ပြည်သူတဦးက ပြောပါတယ်။
ခုလိုပစ်ခတ်နေတာဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာဖြစ်နေတဲ့ တိုက်ပွဲကိုပစ်ကူပေးနေတာလို့ သိရကြောင်း သူက ဆက်ပြောပါတယ်။
ကလေးမြို့နဲ့ ဖလမ်းမြို့ဟာ ကားလမ်းအတိုင်းဆို ၅၆ မိုင်၊ ကောင်းကင်မိုင်နဲ့ဆို မိုင် ၂၀ ဝန်းကျင် ကွာဝေးတယ်လို့သိရပါတယ်။
ဖလမ်းမြို့မှာ အောက်တိုဘာ ၂၅ ရက်ကစတင်ကာ စစ်ကောင်စီနဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး မြို့ပေါ်အိမ်တွေကိုလည်း စစ်ကောင်စီကမီးရှို့ဖျက်ဆီးမှုတွေရှိကာ ဒေသခံတွေလည်း နေရပ်က တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပုံစာ - ရပ်ကွက်အတွင်း ကျရောက်ခဲ့သည့် ဒုံးအစိတ်အပိုင်းများနှင့် လူနေအဆောက်အဦပျက်စီးမှုအား တွေ့ရစဉ်။
စာတည်း - လင်း
#မြေလတ်အသံ
#ကလေး #ပစ်ကူပေး #ဒေသခံ #စိုးရိမ်
Share Share Share