ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေ အစာရေစာရှားပါးလို့ လူနေအိမ်တွေအထိဝင်ရောက်

ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေ အစာရေစာရှားပါးလို့ လူနေအိမ်တွေအထိဝင်ရောက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက သမိုင်းဝင် ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေဟာ အစာရေစာရှားပါးပြီး လူနေအိမ်တွေအထိဝင်ရောက်ကာ အစာရှာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖိုလ်ဝင်တောင်၊ ရွှေဘတောင်မှာ နေထိုင်ကြတဲ့ မျောက်တွေဟာ ဘုရားဖူးခရီးသွားဧည့်သည်တွေ မလာကြ တော့တဲ့ ၂၀၁၉ ကိုဗစ်ကာလမှ အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ဒီနေ့အထိ အစာရေစာရှားပါးမှုနဲ့ ကြုံတွေ့နေရတယ်လို့ ဖိုလ်ဝင်တောင်မှာ ခေတ်အဆက်ဆက် မျောက်စာရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။ 

"ပုံမှန်ချိန်ဆို မသိသာပေမယ့် ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလအတွင်း အစားအသောက်ရှားပါးလာတော့ တောင်အောက် ရင်ပြင်မှာ လာစုဝေးတယ်။ မျောက်စာကျွေးသူတချို့ရှိပေမယ့် မလုံလောက်ဘူး" လို့ သူက မြေလတ်အသံကို ပြောပါတယ်။ 

အာဏာမသိမ်းခင်ကာလ ဘုရားဖူးခရီးသွားတွေပေါများချိန်မှာ တောင်ပေါ် ဘုရားအသီးသီးမှာ အစာရှာစားနေတဲ့ မျောက်တွေဟာ အခုလို ဘုရားဖူးဧည့်သည်တွေ ရှားပါးတဲ့ချိန်မှာတော့ အနီးအနားက ကျေးရွာတွေထဲ ဝင်ရောက် အစာရှာတာမျိုးတွေ လုပ်လာကြတယ်လို့ သိရပါတယ်။ 

“အိမ်တွေမှာ လုံခြုံအောင်သိမ်းနိုင်ပေမယ့် ဆိုင်တွေမှာတော့ ထိုင်စောင့်ပြီး ရောင်းနေရတဲ့အခြေအနေရှိတယ်။ လေးခွ၊ တုတ်နဲ့ စောင့်ရတယ်။ လစ်တာနဲ့ အစားအသောက်တွေ ဝင်လုတာတွေလုပ်တယ်။” လို့ ဖိုလ်ဝင်တောင်အနီးနေထိုင်သူတဦးက ပြောပါတယ်။

ရွှေဘတောင်နဲ့ ဖိုလ်ဝင်တောင်မှာ နေထိုင်ကျက်စားနေတဲ့ မျောက်ကောင်ရေဟာ ၃,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

မျောက်စာကုသိုလ်ရှင်တွေဟာ ရွှေဘတောင်နဲ့ ဖိုလ်ဝင်တောင်မှာရှိတဲ့ မျောက်တွေကို လာရောက် အစာကျွေးတဲ့အခါ ကုလားပဲ၊ ပြောင်းဖူး ၁ တင်းကျော်လောက် ကျွေးရတယ်လို့ သိရပါတယ်။ 

အရင် ဘုရားဖူးခရီးသည်တွေ လာရောက်ကြတဲ့အချိန်တုန်းက မျောက်တွေဟာ အစားအသောက်ရွေးချယ်ကြပေမယ့် အခုကာလမှာတော့ ကျွေးတဲ့အစားအသောက်တိုင်းကို စားသောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်ကနေ တခူးလအထိ ဘုရားဖူးတွေ လာရောက် လည်ပတ်လေ့ရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ခရီးသွားပြည်သူတွေ ဘုရားဖူးလာရောက်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။ 

မျောက်တွေမှီခိုရာ ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်ဟာ ဘေးချင်းကပ်လျက် နယ်မြေချင်းထိစပ်နေပြီး ရွှေဘတောင်ဟာ ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိကာ ဖိုလ်ဝင်တောင်ကတော့ ယင်းမာပင်မြို့နယ် အတွင်းမှာရှိနေတာ ဖြစ်ပါတယ်။ 

သတင်း - သိုက်ထွန်း၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #သမိုင်းဝင် #ဖိုလ်ဝင်တောင် #ရွှေဘတောင် #မျောက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10