ဖုန်းလိုင်းတွေ ဖြတ်ပြီးမှ စစ်ကြောင်းဝင်လို့ သတင်းမရလိုက်ဘဲ ရွာသား ရာဂဏန်းကျော် ပိတ်မိ

ဖုန်းလိုင်းတွေ ဖြတ်ပြီးမှ စစ်ကြောင်းဝင်လို့ သတင်းမရလိုက်ဘဲ ရွာသား ရာဂဏန်းကျော် ပိတ်မိ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ရုတ်တရက် ရောက်လာတဲ့အတွက် ပြည်သူတချို့ ထွက်ပြေးချိန်မရဘဲ ပိတ်မိနေကာ၊ ပြေးရင်း ဖမ်းမိသွားတဲ့ ရွာသားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၈ ရက် ဒီကနေ့မနက် ၆ နာရီလောက်မှာ မုံရွာ နမခ ကနေ ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ ရွာအစပ်ကနေ လက်နက်ကြီး ၂ လုံးနဲ့ သေနတ်တွေ ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လက်နက်ကြီးကျည်က နေအိမ်တွေ ဘေးကိုကျပေမယ့် လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“သေနတ်ဖောက်သံကြားမှ အကုန်လုံးပြေးရတာ၊ သူတို့က ဂျန်ဘာတွေပါလို့လား မသိဘူး။ ကျနော်တို့ဖုန်းတွေ တလုံးမှဆက်မရဘူး။ ပြေးပြီးနောက်မှ စာတွေကျလာတာ၊ ချင်းတွင်းတံတားကို ဖြတ်လာတာကို သတင်းပေးပေမယ့် ဖုန်းလိုင်းမရလို့ သတင်းမရလိုက်တာ။ ခုသူတို့လက်ထဲမှာ ခေါ်ထားတာ ရွာသား ၁၀ ယောက် ဝန်းကျင်ရှိတယ်။ အမျိုးသမီးတွေလည်း ပါတယ်" လို့ အနီးကျေးရွာရှိရွာခံတဦးက ပြောပါတယ်။

စစ်ကြောင်းက ဒုန်းတောရွာကိုစဝင်ပြီး ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ကျေးစာကျစတဲ့ ရွာဘက်တွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာစစ်ကြောင်း ဆက်သွားနေလို့ ပြေးချိန်မရလိုက်တဲ့ ပြည်သူတွေ ပိတ်မိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ကြောင်းဟာ လက်ရှိ ကံကုန်းကျေးရွာမှာ ရှိနေပြီး ရွာထဲက စတိုးဆိုင်တွေမှာရှိတဲ့ ကုန်ပစ္စည်းတွေကို ကားပေါ်ကိုတင်ယူနေတယ်လို့လည်း နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။

"တိမ်းရှောင်ရင်း ဖမ်းမိထားတဲ့သူတွေကို ဆိုင်ကပစ္စည်းတွေ ကားပေါ်တင်ခိုင်းနေပါတယ်။ ဒီအချိန်ထိ ကံကုန်းရွာထဲမှာဘဲ ရှိသေးတယ်။ စကစတွေက ပုသိမ်-မုံရွာကားလမ်းမှာ ကင်းပုန်ဝပ်နေကြတယ်" လို့ ပြောပါတယ်။

အခုလက်ရှိ အနီးနား ရွာ ၅ ရွာကျော်က ပြည်သူ ၇၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ပိတ်မိတဲ့ရွာသားတွေနဲ့ ဖမ်းမိတဲ့ ရွာသားတွေရဲ့ အခြေနေအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10