ဖောင်းပြင်က ရွာ ၂ ရွာ လေကြောင်းပစ်ခတ်လို့ အရပ်သား ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

ဖောင်းပြင်က ရွာ ၂ ရွာ လေကြောင်းပစ်ခတ်လို့ အရပ်သား ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်းဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သရောင်းရွာနဲ့ ထောမရွာကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လှည့်ပတ်ပစ်ခတ်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနေ့ ညနေ ၃ နာရီခွဲမှာ ဟုမ္မလင်းလေတပ်က လာရောက်ပစ်ခတ်တဲ့  Mi-2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနဲ့ သရောင်းရွာ ဘောလုံးကွင်း၊ ကားကွင်း၊ ဈေးကွင်း၊ စာသင်တိုက်လမ်း၊ နေ့ဈေးသစ်လမ်း၊ ကမ်းနားလမ်း စတဲ့နေရာ ၆ ခုနဲ့ သရောင်းရွာနဲ့ကပ်လျက် ထောမရွာတို့ကို လှည့်ပတ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

“ တိုက်အိမ်တလုံးက တခြမ်းပြိုသွားတယ်။ တိုက်ပွဲကမရှိဘူး၊ တိုက်ပွဲ‌ဘာမှကို မရှိဘဲ ဒါမျိုးအပစ်ခံနေရတာ။ ဒီနေ့လည်း ချင်းတွင်းမြစ်ရိုးအထက်မှာ လေယာဉ်ဗုံးချသံတွေ ကြားနေရတယ်” လို့  ဖောင်းပြင်ဒေသခံတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုကြောင့် မုံရွာမြို့ဇာတိ ယာဉ်မောင်းလုပ်ကိုင်သူ ကိုကျော်စိုး အသက် ၃၂ နှစ်မှာ ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ ကိုထွန်းထွန်းမင်း အသက် ၃၃ နှစ်၊ သရောင်းရွာနေ မဆွေဆွေအေး အသက် ၄၇ နှစ်၊ မမျိုးမျိုးဝင်း အသက် ၄၀ နှစ်၊ ထောမရွာနေ မကံကောင်းမေ အသက် ၁၉ နှစ်၊ မစန်းအေး အသက် ၃၅ နှစ်၊ ဦးဟဲမောင် အသက် ၅၁ နှစ်၊ စဉ့်ကိုင်မြို့ဇာတိ ကိုကျော်ဇင်ထက် အသက် ၃၁ နှစ်၊ နန်းဆက်က ဦးကံမြင့် အသက် ၅၄ နှစ်တို့အပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ နေအိမ် ၂လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဖောင်းပြင်မြို့ကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သား သေဆုံးမှုတွေမြင့်တက်နေပြီး လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းတူး နေထိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သရောင်းရွာဟာ ဒီဇင်ဘာ ၁၆ ရက်က ဗုံးကြဲခံခဲ့ရတဲ့ အနောက်ခ‌မိုင်းရွာနဲ့ တောင်တလုံးသာခြားပြီး အဲ့ဒီနေ့ လေကြောင်းပစ်ခတ်မှုမှာလည်း အနောက်ခ‌မိုင်းရွာက အသက် ၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖောင်းပြင်မြို့ကို ဈေးဝယ်ထွက်တဲ့ ပြည်သူတွေနဲ့ ရွာသားတွေကို မကြာခဏ ဆိုသလို မသင်္ကာမှုနဲ့ ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်တာတွေပြုလုပ်နေပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အဖြတ်ခံထားရတဲ့အတွက် သတင်းဖုံးခံထားရသလိုဖြစ်နေတယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ သိမ်းပိုက်ခံခဲ့ရပြီးနောက်ပိုင်းထဲက ဟုမ္မလင်း-ဖောင်းပြင် နယ်စပ်တဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါး ပြုလုပ်နေတာဖြစ်ပြီး၊ ဟုမ္မလင်းနဲ့ မိုင် ၆၀ ကျော်သာဝေးတဲ့ ဖောင်းပြင်မြို့က လေကြောင်းတိုက်ခိုက်မှု အခံရဆုံးဒေသဖြစ်နေတာလို့လည်း သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဖောင်းပြင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အရပ်သား #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10