ဖောင်းပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့

ဖောင်းပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအပါ ၃ ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ကော်ကမ်းရွာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ ဇွန်လ ၂၈၊ ၂၉ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အပါအဝင် ၃ ဦးသေဆုံးပြီး လက်နက်တွေရခဲ့တယ်လို့ Homalin People's Defence Force - HPDF ရဲဘော်ကတဆင့် သိရပါတယ်။

 

စစ်ကောင်စီက လေယာဥ် ၂ စီးနဲ့ အရင်လမ်းကြောင်းရှင်း ဗုံးကြဲခဲ့ပြီးမှ ခလရ ၂၇၂ နဲ့ SNA တပ်ဖွဲ့ အင်အား ၁၀၀ ပါ ပူးပေါင်းစစ်ကြောင်းက မြေပြင်စစ်ကြောင်းထိုးခဲ့ကာ ကသာအခြေစိုက် ခမရ ၃၀၉ ကနေ စစ်ကူ ၂၅ ဦးလာကာ ဖောင်းပြင်ရှိ စစ်ကောင်စီတပ်ရင်း တခုကနေလည်း ၈၁ မမ ပစ်ကူပေးပြီး တိုက်ပွဲကာလ ၂ ရက်အတွင်း လေကြောင်းပစ်ကူ ၃ ကြိမ်လာခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒုတိယနေ့ လေယာဉ်ပစ်တာ ပိုပြင်းတယ်၊ ဗုံးကြဲတာ တော်တော်များတယ်၊ ငါးကြင်းမြှီး (စက်သေနတ်)တွေလည်း တောက်လျှောက်ဆွဲတယ်၊ စစ်ကောင်စီဘက်က တပ်ကြပ်ကြီး အလောင်းကိုတော့ မိုးချုပ်သွားတော့ ကျနော်တို့ မဆွဲလိုက်ရဘူး၊ သေနတ်တော့ ဆွဲခဲ့တယ်၊ သူတို့လည်း အလောင်းပြန်မဆွဲနိုင်လောက်အောင်ကို ဒီတိုင်းပစ်ချပြီးတော့ အထုပ်တွေပိုးပြီး ပြေးကြတာ” လို့ HPDF ရဲဘော်က ပြောပါတယ်။

 

စစ်ကောင်စီဘက်က ဇွန်လ ၂၈ ရက် မနက် ၉ နာရီမှာ Mi-35၊ Mi-17 ၂ စီးနဲ့ ပစ်ခတ်ခဲ့ပြီး၊ ဇွန်လ ၂၉ ရက်နေ့လယ် ၁ နာရီခွဲမှာ တကြိမ်၊ ည ၉ နာရီခွဲမှာ တကြိမ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကာ တခါပစ်ရင် ဗုံး ၈ လုံး အနည်းဆုံးပစ်ကာ ၂ ကျော့ပြန်ပစ်ခတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခလရ  ၂၇၂ က တပ်ခွဲတပ်ကြပ်ကြီးတဦးအပါအဝင် ၃ ဦး သေဆုံးပြီး ၅ ဦး အသက်အန္တရာယ်စိုးရိမ်ရကာ၊ AK 47 တလက်၊ MA 3 ဒင်ခေါက်တလက်၊ 5.56 ကျည် ၂၀၀၊ AK 47 ကျည် ၂၀၀၊ RPG ထိပ်ဖူးတချို့၊ ၃ ရစ်ပါ လက်မောင်းတံဆိပ်တွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း တိုက်ပွဲတွင်း ဒဏ်ရာရတာတွေရှိနေပြီး ဆေးကုသနေဆဲ ဖြစ်ကာ လေကြောင်းပစ်ခတ်ချိန် ကောက်ရိုးတွေကတဆင့် မီးကူးပြီး ကော်ကမ်းရွာက နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သူက ပြောပါတယ်။

 

ဒီတိုက်ခိုက်မှုကို ဟုမ္မလင်း၊ ဖောင်းပြင် ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းနဲ့ နယ်မြေခံ ပကဖအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်ကလည်း ဖောင်းပြင်မြို့နယ်၊ စက်တောရွာမှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးဝန်းကျင်သေဆုံးကာ ကျည်အများအပြားနဲ့ RPG ဗုံးသီး၊ အီနာဂါ၊ ရှေ့ထွက်မိုင်း၊ ၆၀ မမဗုံးသီး စတဲ့ စစ်လက်နက်ပစ္စည်းတချို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ 

#စစ်ကိုင်း #ဖောင်းပြင် #ကော်ကမ်းရွာ #တိုက်ပွဲ #PDF #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10