ဖောင်းပြင် ၂ ရက်ကြာတိုက်ပွဲ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်တပ်တပ်စွဲထားတဲ့ရွာတွေကို PDF က စီးနင်းနိုင်

ဖောင်းပြင် ၂ ရက်ကြာတိုက်ပွဲ နှစ်ဖက်သေဆုံးမှုရှိပြီး စစ်တပ်တပ်စွဲထားတဲ့ရွာတွေကို PDF က စီးနင်းနိုင်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ညောင်ကုန်းရွာနဲ့အင်းဝိုင်းရွာမှာ တပ်စွဲအခြေပြုနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဖောင်းပြင်အခြေစိုက်လှုပ်ရှားနေတဲ့ မော်လိုက်ခရိုင်PDFတပ်ရင်း ၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။

လဟယ်မြို့ ခလရ ၂၇၂၊ ဖောင်းပြင်မြို့ ခမရ ၃၆၇၊ ၃၆၈ တပ်တွေနဲ့ ပျူစောထီးပူးပေါင်းအင်အား ၂၀၀ နီးပါးအထိုင်ချထားတဲ့ အဆိုပါကျေးရွာတွေကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက် မနေ့ည ၁၂ နာရီခန့်မှာ ကျေးရွာတွေကို စီးနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ ရွာသားတွေကို ပျူစောထီးအတင်းလုပ်ခိုင်းတာတွေ၊ ဖမ်းတာတွေရှိလို့ သွားတိုက်ကြတာ။ ကနဦး သတင်းရတာက ရန်သူ(စစ်ကောင်စီ)ဘက်က အလောင်း ၄ လောင်းရတယ်။ အရှင်တယောက်ရတယ်။ ကျန်တာလိုက်လံရှာဖွေဆဲ။”လို့ မြေပြင်ကာကွယ်ရေးရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က သေဆုံးမှုများပြီး လက်နက်တချို့လည်း သိမ်းဆည်းထားနိုင်ကာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေဟာ ၎င်းတို့တပ်စွဲထားတဲ့ အင်ဝိုင်းရွာနဲ့ ၃မိုင်ခန့်အကွာက ပျူစောထီးတွေအားကောင်းတဲ့ ဟာပါရွာကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အထိနာတဲ့စစ်ကောင်စီတပ်က တိုက်ပွဲ ၂ ရက်မှာ လေကြောင်းပစ်ကူ ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး PDF တွေဘက်ကလည်း ၁ ဦးသေဆုံးကာ ခြေထောက်ပြတ်ဒဏ်ရာအပါ ၄ ဦး ဒဏ်ရာရတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ကာကွယ်ရေးအဖွဲ့တွေဘက်ကနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ထွက်ပြေးစစ်ကောင်စီတပ်သားတွေကိုလည်း လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂ ရက်ကလည်း ဖောင်းပြင်နဲ့ဟုမ္မလင်းမြို့နယ်အကြားက သောင်သွပ်ရွာတိုက်ပွဲကို စစ်ကူထွက်လာတဲ့ ခလရ ၂၇၂ စစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရပြီး MA 3 ၂ လက်၊ ကျည် ၂,၃၀၀ ကျော်၊ ဗုံးသီး ၂၀ ကျော်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

ပုံစာ- ဇန်နဝါရီ ၂ရက်နေ့က ဖောင်းပြင်နဲ့ ဟုမ္မလင်းနယ်စပ်တိုက်ပွဲအတွင်း သိမ်းဆည်းနိူင်ခဲ့တဲ့ လက်နက်တချို့

စာတည်း-ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ဖောင်းပြင် #တိုက်ပွဲသတင်း #နှစ်ဖက်သေဆုံးမှု #စစ်ကောင်စီတပ် #ပျူစောထီး #လေကြောင်းပစ်ကူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10