ဖြတ် ၄ ဖြတ်လုပ်ထားတဲ့ ပျူစောထီးရွာတွေဆီ ရိက္ခာပို့သူ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

ဖြတ် ၄ ဖြတ်လုပ်ထားတဲ့ ပျူစောထီးရွာတွေဆီ ရိက္ခာပို့သူ ၅၀ ကျော်ကို ဖမ်းဆီးစစ်ဆေးနေ

စစ်ရေးအရ ဖြတ် ၄ ဖြတ်လုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကလေး‌မြို့‌တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့မြောက်ပိုင်းက ပျူစောထီးရွာတွေဆီကို ရိက္ခာတင်ပို့ရောင်းချသူ ၅၀ ကျော် ဖမ်းမိပြီးစစ်ဆေးနေတယ်လို့ CDF KKG အဖွဲ့ကတဆင့် သိရပါတယ်။

ဩဂုတ်လဒုတိယပတ်အတွင်း ကမ်းပါးနီတံတားနားတဝိုက်မှာ ပျူစောထီးကျေးရွာဘက်ကို ရိက္ခာပို့ဖို့ လုပ်ဆောင်နေသူတချို့ကို စတင်ဖမ်းမိခဲ့ပြီးနောက် နောက်ဆက်တွဲဖမ်းမိသူတွေပါရှိခဲ့ရာက လက်ရှိမှာ ၅၀ ကျော် ဖမ်းဆီးထားတာလို့ ဒေသခံတွေဆီက သိရပါတယ်။ 

ခုလိုရိက္ခာတွေပို့တာဟာ ထောက်ပို့လုပ်တာမျိုးမဟုတ်ဘဲ မှောင်ခိုစျေးကွက်သဘော တင်သွင်းနေကြတာဖြစ်ပြီး လက်ရှိမှာ ဖမ်းမိသူတွေကိုစစ်ဆေးနေတယ်လို့ CDF KKG ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

“ထောက်ပို့တာတော့ မဟုတ်ဘူး။ ပျူရွာတွေမှာ စားနပ်ရိက္ခာခက်ခဲလို့ မှောင်ခိုဈေးကွက်တင်သွင်းတယ် ပြောရမှာပေါ့။ ဘယ်လိုအရေးယူမလဲ စိစစ်နေတုန်းပဲ။ စစ်မေးရင်းနဲ့ ဘယ်သူတွေလည်းပါတယ်ဆိုပြီးပေါ်လာတဲ့အတွက် (ဖမ်းမိတဲ့) လူဦးရေက များလာတယ်။” လို့ သူက ပြောပါတယ်။ 

ဖမ်းဆီးခံရထားသူတွေထဲမှာ ကာကွယ်ရေးရဲဘော်တွေလည်း ပါဝင်နေတယ်လို့ ကလေးဒေသခံတွေက ပြောဆိုနေကြကာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး CDF KKG ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းမိသူတွေကို စစ်ဆေးနေဆဲကာလဖြစ်တာကြောင့် ဘယ်သူတွေပါဝင်တယ်ဆိုတာ အတိကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မြောက်ခင်ရမ်း၊ ဟံသာဝတီ စတဲ့ ပျူစောထီး ရွာတွေကို ဆေးနဲ့ရိက္ခာခိုးပို့ကြသူတွေထဲမှာ ကျေးရွာပကဖ ရဲဘော် ၄ ဦးလောက်ပါတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

ဒါပေမယ့် ကလေးခရိုင်ကာကွယ်ရေးအဖွဲ့ဝင် ခေါင်းဆောင်တဦးကတော့ ဖမ်းဆီးခံရတဲ့ ပကဖအဖွဲ့ဝင်တွေဆိုတာကလည်း ပကဖထဲကနေ တရားဝင်နုတ်ထွက်ပြီး အရပ်သားအဖြစ် ရပ်တည်နေသူတွေဖြစ်တယ်လို့ ပြောပါတယ်။ 

”ရိက္ခာခိုးပို့တဲ့ ဘယ်သူ၊ ဘယ်အဖွဲ့အစည်းကိုမဆို ဖမ်းဆီးစစ်ဆေးပြီး ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်ပါတယ်။ ဖမ်းမိတဲ့ ၅၀ ကျော်ထဲမှာ ပကဖ အဖွဲ့တွေပါတယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် မိမိဆန္ဒသဘောအလျောက် ပကဖထဲက တရားဝင်နုတ်ထွက်ပြီး အရပ်သားပြည်သူအဖြစ် ရပ်တည်နေသူတွေ ဖြစ်ပါတယ်။”လို့ ဆိုပါတယ်။  

ကလေးတောင်ပိုင်းရှိ ကြံသာ၊ မှန်တော၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ အင်းကျွန်းနဲ့ ဂန့်ဂေါမြောက်ပိုင်းမှာ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ စတဲ့ ပျူစောထီးရွာ ၁၂ ရွာဟာ နယ်မြေတဆက်တည်း တည်ရှိနေကြတာပါ။ 

ကလေးမြို့ပေါ်က ဈေးနှုန်းနဲ့ ပျူစောထီးရွာတွေမှာ ရောင်းချတဲ့ကုန်စည်ဈေးနှုန်းတွေကလည်း အဆမတန်ကွာခြားနေပြီး မြို့ထဲမှာ ၂၅ ပိဿာပါ ဆား ၁ အိတ်ကို ၂၈၀၀၀၊ ဓာတ်ဆီ တဂါလံ ၃၈၀၀၀၊ ရေချိုးဆပ်ပြာ ၆ ခဲပါ ၁ ကဒ် ၁၀၅၀၀၊ ဟင်းချိုမှုန့် ၁ ပိဿာ ၁၅၀၀၀၊ လေဆာသွားတိုက်ဆေး ဘူးကြီး ၁ ဘူး ၇၀၀၀၊ လက်ဖက်ခြောက် ၁ ပိဿာ ၂၂၀၀၀၊ Sunday ကော်ဖီ ၁ ပါကင် ၁၀၅၀၀၊ ဆပ်ပြာအဆီ ၁ ထုတ် ၁၀၀၀၀၊ ထက်ထက်မိုးဦး ခေါင်းလျှော်ရည် ၁ ထုပ် ၃၀၀ လို့ သိရပါတယ်။ 

ပျူစောထီးရွာတွေမှာတော့ ၂၅ ပိဿာပါ ဆား ၁ အိတ် သိန်း ၂၀(၁ ပိဿာ ၈၀၀၀၀)၊ ဓာတ်ဆီ ၁ ဂါလံ ၄ သိန်း၊ ရေချိုး ဆပ်ပြာ ၆ ခဲပါ ၁ ကဒ် ၄၈၀၀၀၊ ဟင်းချိုမှုန့် ၁ ပိဿာ ၁၈၀၀၀၀၊ လေဆာသွားတိုက်ဆေး ဘူးကြီး ၁ ဘူး ၂၀၀၀၀၊ လက်ဖက်ခြောက် ၁ ပိဿာ ၉၀၀၀၀၊ Sunday ကော်ဖီ ၁ ပါကင် ၁၀၅၀၀၀(၁ ထုပ် ၃၅၀၀)၊ ဆပ်ပြာအဆီ ၁ ထုတ် ၁၂၀၀၀၀၊ ထက်ထက်မိုးဦး ခေါင်းလျှော်ရည် ၁ ထုပ် ၁၀၀၀ ပေါက်ဈေးရှိတယ်လို့ ဆိုပါတယ်။

၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက အထက်ပါ ကလေးမြို့နယ်ထဲကကျေးရွာတွေကို စားနပ်ရိက္ခာ၊ ဘဏ္ဍာငွေ၊ သတင်းအဆက်အသွယ်၊ လူထုနဲ့အဆက်အသွယ် ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး အခုနှစ် ဩဂုတ်လ ဒုတိယပတ်မှာလည်း ဂန့်ဂေါဘက်ကနေ သယ်ယူရောင်းချနေတဲ့ ဓာတ်ဆီတွေက ပျူစောထီးကျေးရွာတွေဆီ ဝင်ရောက်နေတဲ့အတွက် လက်ရှိမှာ ဂန့်ဂေါနယ်ဘက်ကနေ ကလေးမြို့ ဘက်ကို ဆီသယ်ယူခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ပျူစောထီးကျေးရွာ #ရိက္ခာဖြတ်တောက် #ဖမ်းဆီး #ရိက္ခာပို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10