ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူမရှိလို့ မူးယစ်ဆေးတွေပေါများလာ

ဖြန့်ဖြူးရောင်းချသူများလာပြီး ဖမ်းဆီးသူမရှိလို့ မူးယစ်ဆေးတွေပေါများလာ

စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ မူးယစ်ဆေးတွေကို  ပေါ်ပေါ်ထင်ထင် ရောင်းဝယ်တာတွေလုပ်နေပြီး ဖမ်းဆီးအရေးယူမှုမရှိတဲ့အတွက် မြေပြင်မှာ မူးယစ်ဆေးပျံ့နှံ့မှုနှုန်း ပိုမိုများလာတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

မူးယစ်ဆေးဝါးကို လမ်းမတွေပေါ်မှာ ဆိုင်ဖွင့်လှစ်ကာရောင်းချနေသလို နေအိမ်တွေမှာလည်း ပေါ်ပေါ်ထင်ထင်ရောင်းချနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကလည်း တော်လှန်ရေးလုပ်ဆောင်နေသူတွေကိုသာ ပစ်မှတ်ထားဖမ်းဆီးနေကာ ဆေးသုံးစွဲရောင်းချသူတွေကို ဖမ်းမိလည်း ငွေကြေးယူဆောင် ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။ 

“အင်းတော်လိပ်ကန် ပတ်လမ်းတလျှောက်မှာ အရောင်းဆိုင်ပုံစံမျိုး တည်ပြီးကိုရောင်းနေတာ။  ဒီဘက်မှာက ဘိန်းမဲပဲနည်းနည်းရှားတာ၊ ကျန်တာတွေကပေါတယ်။ ရဲတွေကလည်း ဆေးမိလို့ ဖမ်းတာကနည်းတယ်။ ဖုန်းကိုစစ်လို့ တော်လှန်ရေးပုံတွေ့မှ ဖမ်းတာ”လို့ အင်းတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲနေသူတွေမှာ အသက် ၁၃ နှစ်ဝန်းကျင် လူငယ်တွေပါ ပါဝင်နေပြီး  ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ ရွာမ(အမည်လွှဲ)ရွာမှာ အသက် ၁၄ နှစ်ဝန်းကျင်လူငယ် ၁ ဦးနဲ့ ဧပြီလအတွင်းက မဲဇာရွာမှာ အမျိုးသား ၂ ဦး ဆေးလွန်ပြီး သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေး ကူးသန်းသယ်ဆောင်မှုတွေဟာ ပိုမိုကျယ်ပြန့်လာတာဖြစ်ပြီး ၂၀၂၂ ခုနှစ် အစပိုင်းမှာတော့ ဖမ်းဆီးမှုတချို့ရှိပေမယ့် နှစ်ကုန်ပိုင်းလောက်ကစလို့ ဖမ်းဆီးမှုမရှိတော့ဘဲ စစ်ဆေးရေးဂိတ်တွေကိုလည်း ပိုက်ဆံပေး ဖြတ်သန်းနေကြတယ်လို့  ဆိုပါတယ်။

“နွားမှောင်ခိုသယ်တဲ့ကားတွေနဲ့ မူးယစ်ဆေးတွေ အချီကြီးသယ်ပြီး ဖြန့်နေကြတယ်။  ၁၂ဘီးကား အလုံပိတ်တွေနဲ့ နွားတွေသယ်ပြီး စစ်ကောင်စီဂိတ်နဲ့ PDFဂိတ်ကို ဖြတ်ပြီးကို သယ်နေတာ။ ခေတ်ကောင်းတုန်းက နွားမှောင်ခိုကားတွေကိုဖမ်းတယ်။ အခုကျတော့ပေါ်တင်ပဲ။ တနေ့ကိုနည်းတာမဟုတ်ဘူး သွားလာနေတာ"လို့ တခြားဒေသခံတဦးကလည်း ထပ်မံပြောပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြား(WY) ဒေသအခေါ်(ရာမ)နဲ့ ဘိန်းဖြူကို အဓိကသယ်ဆောင်နေပြီး မဘိမ်း၊ ကွတ်ခိုင်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို စတဲ့နေရာတွေကနေ မူးယစ်ဆေးသယ်ဆောင်ကာ အင်းတော် ၊ မော်လူး၊ မဲဇာ၊ နဘားစတဲ့ ဒေသတဝိုက်ကို ဖြန့်ဖြူးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာမသိမ်းခင်က ရာမတပြားကို ၅၀၀၀ ကျပ်၊ ဘိန်းဖြူ(ဆပ်ပြာခွက် တခွက်ကို) ၅ သိန်းကျပ်ဖြင့်ဝယ်ယူရပြီး လက်ရှိမူးယစ်ဆေးဝါးတွေ ပေါများလာချိန်မှာ  ရာမတပြားကို ၁၀၀၀ ကျပ်၊ ဘိန်းဖြူ ဆပ်ပြာခွက်တခွက်ကို ၂သိန်းကျပ်နှုန်းနဲ့ ပေါပေါများများဝယ်ယူရရှိနေတယ်လို့ သိရပါတယ်။

မူးယစ်ဆေးတွေကို ဆိုင်ကယ်၊ လိုင်စင်မဲ့ကားတွေနဲ့ သယ်ယူနေကြသလို  နွားမှောင်ခိုကားတွေနဲ့ အများဆုံးသယ်လေ့ရှိပြီး ထီးချိုင့်-မြစ်ကြီးနားကားလမ်းမှာ တရက်ကို နွားမှောင်ခိုကား အစီး ၂၀ ခန့် နဲ့ သယ်ဆောင်သွားလာနေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၂ခုနှစ်၊ မတ်လပိုင်းထိ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက  မူးယစ်ဆေးဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နယ်မြေစိုးမိုးမှုအခြေအနေနဲ့ တိုက်ပွဲတွေကြောင့် မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

ပုံစာ - အင်းတော်ဒေသအတွင်း မူးယစ်ဆေးဝါးများတင်ဆောင်နေသော နွားမှောင်ခို ကုန်တင်ကားများ။ 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #အင်းတော်ဒေသ #မူးယစ်ဆေးဝါး #ဖြန့်ဖြူးရောင်းချ #လက်ဝယ်သုံးစွဲ #များပြားလာမှု #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10