ဖြူးကရွာတွေကို ရဟတ်ယာဉ်နဲ့လှည့်ပတ်ပစ်လို့ သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ဖြူးကရွာတွေကို ရဟတ်ယာဉ်နဲ့လှည့်ပတ်ပစ်လို့ သက်ကြီးပိုင်း အမျိုးသမီး ၂ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ဇဟားလေး၊ ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကိုင်းတဲစုကျေးရွာတွေမှာ လေကြောင်းနဲ့ ပစ်ခတ်ခံရလို့ သက်ကြီးပိုင်းအမျိုးသမီး ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 နိုဝင်ဘာလ ၂၄ ရက် မနေ့ ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီလေတပ်သုံး Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီးက ကျေးရွာတွေဘက်ကို လှည့်ပတ်ပစ်ခတ်ခဲ့တာမှာ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"လှည့်ပတ်ပစ်သွားတာ မိနစ် ၂၀ နီးပါးလောက်ကြာတယ်။ လေယာဥ်လာပစ်တော့ ပြေးသူက ပြေး၊ ပုန်းသူက ပုန်းကြရတယ်"လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

 

စစ်တပ်က လေယာဥ်နဲ့ ပစ်ခတ်လို့ ရေတွင်းကုန်းကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဒေါ်ပြားဝင်းမှာ ခြေထောက်နှစ်ချောင်းပြတ် ဒဏ်ရာ၊ အသက် ၆၀ အရွယ် ဒေါ်စန်းမှီမှာ ဉီးခေါင်းတခြမ်းထိဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး၊ အသက် ၈၀ အရွယ် ဒေါငြိမ်းမှုံ၊ အသက် ၃၀ အရွယ် ကိုဖြူနဲ့ အသက် ၁၀ နှစ်အရွယ် မောင်မောင်ထက်တို့မှာ မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

 

 

ဒါ့အပြင် အဆိုပါ လေကြောင်းပစ်ခတ်မှုအတွင်း ဇဟားလေးကျေးရွာနေ အသက် ၃၀ အရွယ် မစံပါယ်ခိုင်နဲ့ အသက် ၁၅ နှစ်အရွယ် မသရဖီကိုတို့မှာ ခြေထောက်ထိမှန် မစိုးရိမ်ရဒဏ်ရာတွေရရှိခဲ့ပြီး လေကြောင်းပစ်ခတ်မှုအတွင်း ဇဟားလေး၊ ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကိုင်းတဲစုကျေးရွာတွေက ဒေသခံ ရာနဲ့ချီထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

 

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စုထဲကို စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လှည့်ပတ်ပစ်သွားလို့ ပျဥ်းမပင်ရွာသားတဦး ဦးခေါင်းပွင့် သေဆုံးခဲ့ပါသေးတယ်။

 

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဖြူး #စစ်ကောင်စီတပ် #လေကြောင်းပစ်ခတ် #သက်ကြီးပိုင်း #အမျိုးသမီး၂ ဦး #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10