ဖြူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦးကျော်သေ၊ ၂၀ ကျော် ဒဏ်ရာရ

ဖြူးတိုက်ပွဲ စစ်ကောင်စီဘက်က ၁၇ ဦးကျော်သေ၊ ၂၀ ကျော် ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကျော်လှကြီးရွာနဲ့ ဆိတ်ထူးခင်ကျေးရွာအနီးတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၁၇ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲပြန်ကြားရေးထံက သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက် မနက် အစောပိုင်းကစပြီး အင်အား ၁၂၀ ကျော်နဲ့  စစ်ကြောင်းထိုးလာတဲ့  စစ်ကောင်စီတပ်ဖွဲ့ နဲ့ KNLA ပူးပေါင်းတပ်တွေဟာ မနက်ပိုင်းမှာ ကျော်လှရွာ၊ ညနေကနေ ညပိုင်းထိ ဆိတ်ဖူးခင်ရွာတွေမှာ တနေကုန် နီးပါးတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

" G 1 အဆင့်ဦးစီးပြီးလာတဲ့ စစ်ကြောင်းနဲ့ တနေကုန်နီးပါး တိုက်ပွဲဖြစ်တာ။ စကစဘက်ကတော့ လေကြောင်းပစ်ကူ အသားကုန်သုံးသွားတာ။ ဒါကြောင့် အလောင်းလက်နက် ကောက်မရလိုက်ဘူး" လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံ ကိုစောဒိုရှင်းက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၁၇ ဦးထက်မနည်းသေဆုံးသွားသလို ၂၀ ကျော်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေပေးပို့တဲ့ သတင်းနဲ့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေရဲ့ အတည်ပြုချက်အရ သိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က Mi-35 နဲ့ ၅ ကြိမ်၊ ဂျက်တိုက်လေယာဥ်နဲ့ ၁၅ ကြိမ် ဗုံးကြဲတာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က  လေကြောင်းနဲ့ ဘန်းလောင်၊ မန်ကျည်းကုန်း၊ ကျော်လှ၊ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်း၊ ဇဟာကြီး၊ ဇဟားလေး၊ ကမလင်းကုန်း(တောင်/မြောက်)၊ လှသင်းမောင်၊ လယ်ပြင်လေးကုန်းနဲ့ သပြေခင်ကျေးရွာတွေကို လှည့်ပတ်ပစ်သွားလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ခမရ ၄၃၉၊ ခမရ ၅၉၉၊ ခမရ ၃၀၇ တပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ငှက်ပျောတောရွာက စောလာပွယ် ၄၈ နှစ်၊ လက်ပံတန်းကျေးရွာက ဘမလက်ဝေ ၂၈ နှစ်၊ ဘန်လောင်ရွာက ကိုဇင်လင်းဦး ၂၈  နှစ်၊ နတ်လောင်ကျေးရွာက မအလင်္ကာ ၃ နှစ်၊ ဒေါထူး ၅ နှစ်၊ ဦးကံထူး ၅၈ နှစ်တို့ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ရိုးမစစ်ကြောင်း ၁၊ ရိုးမ စစ်ကြောင်း ၅ နှင့် Royal Peacock Column ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

နိုဝင်ဘာ ၂၄ ရက်က ဖြူးမြို့နယ်၊ ဇဟားလေး၊ ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကိုင်းတဲစုကျေးရွာတွေမှာ လေယာဥ်နဲ့ပစ်ခံရလို့ ပြည်သူ ၂ ဦးသေပြီး ၅ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် #ကျော်လှကြီးရွာ #ဆိတ်ထူးခင်ကျေးရွာ #စစ်ကြောင်း #စစ်ကောင်စီတပ် #KNLA #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10